Friday, August 14, 2026

ဥပဒေဘာသာပြန်ကော်မရှင်၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ (၁၈) ကြိမ်မြောက် အစည်းအဝေးကျင်းပ

 

နေပြည်တော် ဩဂုတ် ၁၃

ဥပဒေဘာသာပြန် ကော်မရှင်၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ၏ (၁၈) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဥပဒေရေးရာဝန်ကြီး ဌာနအစည်းအဝေးခန်းမ၌ကျင်းပခဲ့ပြီး မြန်မာဘာသာသို့ပြန်ဆိုပြီးဖြစ်သည့် The Public Servants Inquiries Act၊ The Usurious Loans Act၊ The Myanmar Carriage of Goods by Sea Act နှင့် The Evidence Act တို့ကို ဆွေးနွေးအတည်ပြုမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးတွင် ဥပဒေဘာသာပြန်ကော်မရှင်ဥက္ကဋ္ဌ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးကအင်္ဂလိပ် ကိုလိုနီလက်ထက်က အင်္ဂလိပ်ဘာသာဖြင့်ပြဋ္ဌာန်းခဲ့သော ဥပဒေများအနက် ဥပဒေဘာသာပြန်ကော်မရှင်က ဘာသာပြန်ဆိုရန် တာဝန်ရှိသည့် ဥပဒေစုစုပေါင်း ၁၃၇ ခုရှိကြောင်း၊ ဘာသာပြန်ဆိုရန် မလိုအပ်တော့သည့်ဥပဒေ ၅၆ ခုရှိသဖြင့် ဘာသာပြန်ဆိုရမည့် ဥပဒေစုစုပေါင်း ၈၁ ခုရှိကြောင်း၊ ထိုဥပဒေများအနက်မှ ဥပဒေ ၅၉ ခုကို မြန်မာဘာသာပြန်ဆိုကာ အတည်ပြုထုတ်ပြန်ပြီးဖြစ်ကြောင်း၊ အဆိုပါဘာသာပြန်ဆိုမှု များသည် မူရင်းအင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထားသည့် ဥပဒေကဲ့သို့တရားဝင်အတည် ဖြစ်ပါကြောင်း၊ ဆောင်ရွက်ဆဲဥပဒေ ၂၂ ခု အနက်မှ ၁၈ ခုကို ဘာသာပြန်ဆိုပြီးစီးပြီဖြစ်ပြီး လေးခုမှာဘာသာပြန်ဆိုဆဲဖြစ်ကြောင်း၊ ဥပဒေ ၃၃ ရပ်ကို မြန်မာဘာသာပြန်ဆိုအတည်ပြုခဲ့ပြီး ဥပဒေဘာသာပြန်စာအုပ် အမှတ် (၉) မှ (၁၆) အထိ စာအုပ်ရှစ်အုပ် ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ကြောင်း၊ ယခင် (၁၇) ကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုခဲ့သော ဥပဒေငါးခုကို စာအုပ်အမှတ် (၁၇) အဖြစ် မကြာမီပုံနှိပ်ထုတ်ဝေ နိုင်တော့မည်ဖြစ်ကြောင်း၊ ဘာသာပြန်ဆိုချက်များ ဆီလျော်မှန်ကန်မှုရှိစေရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

အစည်းအဝေးကို ဩဂုတ် ၁၃ ရက်မှ ၁၄ ရက်အထိ ၂ ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များမှအဖွဲ့ဝင်များ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment