Friday, August 14, 2026

ဒေသအခြေပြုဖွံ့ဖြိုးတိုးတက်မှုမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသို့…..

သိန်းထွန်း (IR)

(ယမန်နေ့မှအဆက်)

ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေဖြင့် ဒေသအခြေပြုဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ခြင်းဖြင့် ဒေသများအကြား ဖွံ့ဖြိုးမှုကွာဟချက်များ လျှော့ချရေးကို အထောက်အကူဖြစ်စေပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မြို့ကြီးများနှင့် ကျေးလက် များအကြား သို့မဟုတ် မြေပြန့်နှင့်ဝေးလံခေါင်သီသည့် တောင်ပေါ်ဒေသများအကြား ဝင်ငွေ၊ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ကွာဟချက်များ ရှိတတ်ကြပါသည်။

ယင်းသို့ကွာဟမှုများကြောင့် အလုပ်အကိုင်ရရှိမှုနှင့် ထုတ်လုပ်နိုင်စွမ်းလျော့ကျစေပြီး ဒေသ၏ လူမှုစီးပွားဘဝများကို နိမ့်ကျစေပါသည်။ ထို့အပြင် ပြည်တွင်း/ ပြည်ပပြောင်းရွှေ့မှုများ တိုးမြင့်လာပြီး လူဦးရေမညီမျှမှုများ ဖြစ်ပေါ်စေပါသည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရာတွင် အဓိကဒေသတစ်ခု သို့မဟုတ် ဖွံ့ဖြိုးပြီးဒေသ အနည်းငယ်ပေါ်တွင်သာ အခြေခံတည်ဆောက်၍မရနိုင်ဘဲ ဒေသအသီးသီး၏ အားသာချက်နှင့် အလားအလာများကို ဖော်ထုတ်အသုံးချနိုင်မှသာ အားလုံးပါဝင်၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုကိုရရှိနိုင်ကြောင်း OECD နှင့် World Bank တို့၏ လေ့လာချက်များအရ သိရှိရပါသည်။

ထို့ကြောင့် ဒေသတစ်ခုချင်းစီ၏ အားသာချက်များနှင့် အလားအလာများကိုအခြေခံသည့် place-based policies မူဝါဒများသည် ဒေသတစ်ခုချင်းစီ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ပေးပြီး ဒေသများအကြား ဖွံ့ဖြိုးမှုကွာဟချက်လျော့နည်းရေးကို အထောက်အကူဖြစ်စေပါသည်။

ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာပြီး ဒေသတွင်းစီးပွားရေးများကို ဖွံ့ဖြိုးတိုးတက်စေ

အလားတူပင် ဒေသဖွံ့ဖြိုးတိုးတက်ရေးသည် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများနှင့် အသေးစား၊ အလတ်စားကဲ့သို့သော ဒေသခံစီးပွားရေးများကို အားကောင်းစေရန် ဖန်တီးပေးနိုင်ပါသည်။ ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ရေ၊ ဆက်သွယ်ရေးစနစ်နှင့် စီးပွားရေးအခြေခံအဆောက်အအုံများ တိုးတက်လာသည်နှင့်အမျှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာပြီး ဒေသတွင်းစီးပွားရေးများကို ဖွံ့ဖြိုးတိုးတက်စေပါသည်။

ထိုသို့စီးပွားရေးလုပ်ငန်းများ တိုးတက်လာခြင်းကြောင့် ဒေသခံပြည်သူလူထု၏ ဝင်ငွေတိုးတက်လာစေပြီး ဆင်းရဲနွမ်းပါးမှုနှင့် မညီမျှမှုများကို လျော့ကျရန် အထောက်အကူဖြစ်စေပါသည်။ ယင်း၏အကျိုးဆက်အနေဖြင့် ဒေသခံပြည်သူများ၏ လူနေမှုဘဝအရည်အသွေး (Quality of Life) ကို မြှင့်တင်ပေးနိုင်ပါသည်။ ဒေသအခြေပြုဖွံ့ဖြိုးရေး မူဝါဒများသည် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများကို ဦးတည်ခြင်းမဟုတ်ဘဲ ဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ သန့်ရှင်းသောသောက်သုံးရေ၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် လူမှုဖူလုံရေးစနစ်များကိုပါ တိုးတက်စေရန်ရည်ရွယ်ပါသည်။ ထိုသို့ ပြည်သူ့ဝန်ဆောင်မှုများ တိုးတက်လာခြင်းကြောင့် ဒေသခံပြည်သူများသည် ပိုမိုကောင်းမွန်သည့် ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများရရှိနိုင်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးကို မြှင့်တင်နိုင်ပါသည်။

ဒေသအခြေပြုဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများသည် ဒေသတစ်ခုချင်းစီကို ဦးတည်အကောင် အထည်ဖော်ခြင်းဖြစ်၍ နိုင်ငံရေးတည်ငြိမ်မှုနှင့် လူမှုစည်းလုံးညီညွတ်မှုကို မြှင့်တင်ပေးနိုင်ပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးမှုနောက်ကျနေသောဒေသများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် လူမှုရေးမညီမျှမှုများလျှော့ချရေးကို အထောက်အကူ ဖြစ်စေပါသည်။ ထိုသို့မဟုတ်ဘဲ ဒေသတစ်ခုနှင့်တစ်ခုအကြား ဖွံ့ဖြိုးမှုကွာဟချက်နှင့် လူမှုရေးမညီမျှမှုများ ကြီးမားလာသည့်အခါ မလိုလားအပ်သည့် ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေပြီး လူမှုရေးပဋိပက္ခများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထိုသို့သော စိန်ခေါ်မှုများကို ကာကွယ်တားဆီးနိုင်ရန်နှင့် ဒေသများအကြား ကွာဟချက်များ လျှော့ချနိုင်ရန်အတွက် ဒေသဖွံ့ဖြိုးရေးမူဝါဒများကို စီးပွားရေးတိုးတက်ရန်အပြင် လူမှုရေးတရားမျှတမှု၊ အခွင့်အလမ်းညီမျှမှုနှင့် အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုအဖြစ် အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံရေးတည်ငြိမ်မှုနှင့် လူမှုစည်းလုံးမှုကို မြှင့်တင် ပေးနိုင်ပါသည်။

ဒေသအလိုက် အားသာချက်များကိုအခြေခံသည့် ဒေသအခြေပြု ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်း အသုံးပြု

အလားတူပင် ဒေသအခြေပြုဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ အကောင်အထည်ဖော်ခြင်းသည် ဒေသခံပြည်သူများ၏ အလားအလာ၊ အခွင့်အလမ်းများနှင့် သဘာဝရင်းမြစ်များကို ထိရောက်စွာ အသုံးချနိုင်ပါသည်။ ဒေသတစ်ခုချင်းစီတွင် စိုက်ပျိုးရေး၊ သဘာဝ သယံဇာတများ၊ ခရီးသွားလုပ်ငန်း၊ လက်မှုလုပ်ငန်း၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် သဘာဝအရင်းအမြစ်များ မတူညီကြသဖြင့် တစ်ပြေးညီမူဝါဒအသုံးပြုခြင်းထက် ဒေသအလိုက် အားသာချက်များကို အခြေခံသည့်ဒေသအခြေပြု ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်း အသုံးပြုခြင်းက ပိုမိုကိုက်ညီမှုရှိပါသည်။ ယင်းနည်းလမ်းသည် ဒေသခံပြည်သူများ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရန် အခွင့်အလမ်းရရှိစေပြီး ဒေသ၏စီးပွားရေးကို ရေရှည်တည်တံ့မှုရရှိစေသဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက် အထောက်အကူပေးနိုင်ပါသည်။

ထိုသို့ ဒေသအခြေပြုဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများ အကောင်အထည်ဖော်ရာတွင် ယင်းဒေသရှိ ပြည်သူများ၏လူနေမှုအဆင့်အတန်း တိုးတက်လာရေးအတွက်လည်း လူသားအခြေပြုဖွံ့ဖြိုးတိုးတက်မှုလည်း လိုအပ်ပါသည်။ People-based approach သည် လူတစ်ဦးချင်းစီ၏ ပညာရေး၊ ကျွမ်းကျင်မှု၊ အလုပ်အကိုင်အခွင့်အလမ်း၊ လူမှုကာကွယ် စောင့်ရှောက်မှု၊ ဝင်ငွေနှင့် အခြားလူသားအရင်းအမြစ်ဆိုင်ရာစွမ်းရည်များ မြှင့်တင်ပေးခြင်းဖြစ်ပါသည်။

ကမ္ဘာ့ဘဏ်၏လေ့လာချက်အရ ဖွံ့ဖြိုးမှု နောက်ကျနေသည့်ဒေသများကို နေရာဒေသအလိုက် ပစ်မှတ်ထားသောမူဝါဒများဖြင့် ပံ့ပိုးခြင်းသည် အရေးကြီးသော်လည်း အချို့အခြေအနေများတွင် ဒေသခံပြည်သူများ၏ ကျွမ်းကျင်မှုမြှင့်တင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးချဲ့ပေးခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ပေးခြင်းတို့သည် ဒေသ၏ လူနေမှုအဆင့်အတန်း တိုးတက်ရေးအတွက် ထိရောက်သောနည်းလမ်းများဖြစ်ကြောင်း ဆိုပါသည်။

ထို့ကြောင့် ဒေသအခြေပြုဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ဒေသ၏စီးပွားရေးနှင့် လူမှုအခြေအနေများ ကိုအခြေခံသည့် place-based policies များနှင့် လူသားအရင်းအမြစ်နှင့် လူနေမှုဘဝတိုးတက်ရေးကိုအလေးထားသည့် people-based policies တို့ကို ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် ထိရောက်မှုရရှိစေပါသည်။ ထိုပေါင်းစပ်ချဉ်းကပ်မှုသည် ဒေသတစ်ခုချင်းစီ၏ ထူးခြားသောအားသာချက်များကို အသုံးချနိုင်စေသည့်အပြင် ဒေသအတွင်းရှိ ပြည်သူလူထု၏စွမ်းရည်နှင့် အခွင့်အလမ်းများကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။

သို့သော် ဒေသအခြေပြု ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းနှင့် ဗဟိုအခြေပြုဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းတို့တွင် အားသာချက်များရှိကြသကဲ့သို့ အခြားတစ်ဖက်တွင်လည်း အားနည်းချက်များရှိကြပါသည်။ ယင်းနည်းလမ်းနှစ်ခုအနက် မည်သည့်နည်းလမ်းအား ရွေးချယ်အသုံးပြုမည်ဆိုသည်မှာ မိမိနိုင်ငံ၏အခြေအနေ၊ ဒေသများ၏အခြေအနေတို့နှင့် ချိန်ထိုးရွေးချယ်အသုံးပြုကြပါသည်။

အချို့နိုင်ငံများတွင် နည်းလမ်းနှစ်ခုကို ပေါင်းစပ်အသုံးပြုကြပါသည်။ နိုင်ငံတော်ဗဟို အစိုးရက နိုင်ငံတော်အဆင့်မျှော်မှန်းချက်၊ ဥပဒေ၊ ဘဏ္ဍာရေးမူဝါဒ၊ အမျိုးသားအဆင့် အခြေခံ အဆောက်အအုံနှင့် အနည်းဆုံးအများပြည်သူ ဝန်ဆောင်မှုစံနှုန်းများကို သတ်မှတ်ပေး၍ ဒေသအစိုးရနှင့် ဒေသခံအဖွဲ့အစည်းများက ဒေသ၏လိုအပ်ချက်နှင့် အလားအလာအပေါ်အခြေခံ၍ အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးရေးကို အထောက်အကူရရှိစေပါသည်။

ထိုသို့အကောင်အထည်ဖော်ရာတွင် OECD Regional Outlook 2023 အရ ဒေသဖွံ့ဖြိုးရေး အတွက် အများပြည်သူဝန်ဆောင်မှုနှင့် အခြေခံအဆောက်အအုံများရရှိနိုင်မှု၊ ထုတ်လုပ်နိုင်စွမ်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်မှု၊ ဒေသအလိုက်ကျွမ်းကျင်မှုနှင့် အလုပ်အကိုင်၊ အစိုးရအဆင့်ဆင့်အကြား ပူးပေါင်းညှိနှိုင်းမှုတိုးတက်ရေးနှင့် နိုင်ငံအဆင့်၊ ဒေသအဆင့် နှစ်ရပ်စလုံး၏ စီမံခန့်ခွဲရေးစွမ်းရည်မြှင့်တင်ရေးတို့ကို ပေါင်းစပ်ဆောင်ရွက်ရန် အရေးကြီးကြောင်း ဆိုပါသည်။

ဒေသအခြေပြုဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရာ၌ ပြည်သူများအတွက် အခြေခံ ဝန်ဆောင်မှုများရရှိရေး၊ လူထုပူးပေါင်းလုပ်ဆောင်မှုမြှင့်တင်ရေးနှင့် မညီမျှမှုများလျှော့ချရေးအတွက် ဒေသအဆင့်အုပ်ချုပ်ရေးကဏ္ဍသည် အရေးပါသည့် ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ ဒေသဆိုင်ရာအုပ်ချုပ်ရေး၏ စွမ်းဆောင်ရည်အားနည်းပါက ဒေသအခြေပြုဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရာတွင် အကျိုးကျေးဇူး အပြည့်အဝရရှိရန် ခက်ခဲနိုင်ပါသည်။

ထို့ကြောင့် ဒေသဆိုင်ရာအုပ်ချုပ်ရေး၏ governance၊ financing နှင့် institutional capacity ကို မြှင့်တင်ရန်လိုအပ်ပါသည်။ ယင်းသည် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ဒေသအခြေပြုဖွံ့ဖြိုးတိုးတက်မှု အောင်မြင်ရန် ဒေသအဆင့်အစိုးရများသို့ တာဝန်ပေးရုံမျှသာမက လုပ်ပိုင်ခွင့်နှင့်အတူ ဘဏ္ဍာရေး၊ ကျွမ်းကျင်ဝန်ထမ်း၊ သတင်းအချက် အလက်၊ စီမံကိန်းရေးဆွဲနိုင်စွမ်းနှင့် တာဝန်ယူ/တာဝန်ခံမှုစနစ်များကိုပါ ပေးအပ်ရန်လိုအပ်မည် ဖြစ်ပါသည်။ ထို့အပြင် ဒေသဖွံ့ဖြိုးရေးမူဝါဒအောင်မြင်ရန်အတွက် ဒေသတစ်ခုချင်းစီ၏ အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ဆန်းစစ်သုံးသပ်၍ ဒေသအခြေအနေနှင့်ကိုက်ညီသော မဟာဗျူဟာများချမှတ်ခြင်းဖြင့် ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။

ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံတော်အဆင့် မူဝါဒတစ်ပြေးညီဖြစ်စေရန်၊ အရင်းအမြစ် များကို ပြန်လည်ခွဲဝေရန်နှင့် နိုင်ငံတော်အဆင့်စီမံကိန်းများ အကောင်အထည်ဖော်ရန် Central-based development လိုအပ်သော်လည်း ဒေသတစ်ခုချင်းစီ၏ ထူးခြားသောအခြေအနေများကို ထိရောက်စွာအသုံးချနိုင်ရန်နှင့် ဒေသအလိုက် တိုးတက်စေရန်အတွက်မူ ကောင်းမွန်စွာဒီဇိုင်း ရေးဆွဲထားသည့် ဒေသအခြေပြုဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများလိုအပ်ပါသည်။ အထူးသဖြင့် ယနေ့ကာလ အပြောင်းအလဲများကြားတွင် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအတွက် Central-based development approach နှင့် place-based development approach တို့ကို ပေါင်းစပ်အသုံးပြုခြင်းသည် နိုင်ငံ၏ဘက်စုံစီးပွားရေးတိုးတက်မှုကို ထိန်းသိမ်းထားနိုင်သကဲ့သို့ ဒေသများအကြား မညီမျှမှုလျှော့ချရေးကို အထောက်အကူရရှိစေသဖြင့် ဒေသခံပြည်သူများအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု၏အကျိုးကျေးဇူးများကို ပိုမိုမျှတစွာ ခံစားနိုင်မည်ဖြစ်ပါသည်။ ။

ကိုးကား -

၁။        McCann, P. (2023). Place-based policies for the future: How have place-based policies evolved to date and what are they for now? OECD Regional Development Papers, No. 78. OECD Publishing. https://doi.org/10.1787/9b0b0107-en.

၂။         Marcin Bogdański (2012), “Modern Theories of Regional Development – A Review of Some Concepts”

၃။        OECD. (2023). OECD Regional Outlook 2023: The Longstanding Geography of Inequalities. OECD Publishing, Paris. https://doi.org/10.1787/92cd40a0-en.

၄။        OECD. (2025). Place-Based Policies for the Future. OECD Regional Development Studies. OECD Publishing, Paris. https://doi.org/10.1787/e5ff6716-en.

၅။        OECD. (2025). Strengthening regional policy for resilient places: Key issues and policy considerations. OECD Regional Development Papers, No. 148. OECD Publishing, Paris. https://doi.org/10.1787/ea24eab5-en.

၆။        World Bank. (2022). Place, Productivity, and Prosperity: Spatially Targeted Policies for Regional Development. World Bank.

၇။        United Nations Development Programme. (n.d.). Local governance and development. UNDP.

No comments:

Post a Comment