Tuesday, August 18, 2026

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ကနဦးစီမံချက် ရေးဆွဲဆောင်ရွက်မည်


 

မန္တလေး ဩဂုတ် ၁၇

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် စသည့်ဒေသသုံးခုရှိ ကျေးလက်နေအမျိုးသမီးများအတွက် ကျေးလက်နေအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး ကနဦးစီမံချက်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်၏ ပြောကြားချက်အရ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးစီမံချက်နှင့်ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စီမံချက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျေးလက်စာကြည့်တိုက်များဖွင့်လှစ်နိုင်ရန် ကူညီပံ့ပိုးရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး အနည်းဆုံး Grade-9 အထိ ပညာသင်ကြားနိုင်ရေး၊ အမျိုးသမီးများအနေဖြင့် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များနှင့် ပူးပေါင်း၍ public- private partnership ဆောင်ရွက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံချက်နယ်မြေများတွင် ကျန်းမာရေးနှင့်အာဟာရ၊သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး စသည့်ကဏ္ဍများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေအမျိုးသမီးများ၏ အမူအကျင့်များပြောင်းလဲလာအောင် သင်တန်းများပေးမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ဆွေးနွေးပြောကြားသည်။

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်တို့ကို စံပြခရိုင်များအဖြစ်ဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားကြောင်း၊ ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ကို ပြင်ဦးလွင်၊ ပုသိမ်ကြီး၊ ကျောက်ဆည်၊ အမရပူရနှင့် မြစ်သားမြို့နယ်တို့ရှိ ကျေးရွာသုံးရွာစီဖြင့် ကျေးရွာ ၁၅ ရွာ ဆောင်ရွက်မည့်အစီအစဉ်၌ မိတ္ထီလာခရိုင်တွင် ကျေးရွာရှစ်ရွာနှင့် ရမည်းသင်းခရိုင်တွင် ကျေးရွာလေးရွာ ထပ်မံထည့်သွင်းပြီး ကျေးရွာ ၂၇ ရွာ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ အမျိုးသမီးအဖွဲ့များနှင့်တွေ့ဆုံ၍ မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်နှင့်ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားကာ တက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်မှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment