နေပြည်တော် ဩဂုတ် ၁၇
အဂတိလိုက်စားမှုသည် လူ့အဖွဲ့အစည်းအတွင်း ကူးစက်ပျံ့နှံ့လွယ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် အလွယ်တကူ ဖောက်ဖျက်ကျူးလွန်ခြင်းများကို သတိပြုရှောင်ကြဉ်ရန်၊ အဂတိလိုက်စားမှုမြင့်မားပါက ဆင်းရဲနွမ်းပါးမှု ပိုမိုမြင့်မားလာမည်ဖြစ်၍ ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေများကို လေးစားလိုက်နာကြရန် ယနေ့နံနက်ပိုင်းက နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန အခွန်အယူခံခုံအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန အခွန်အယူခံခုံအဖွဲ့ရုံးတို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက တိုက်တွန်းပြောကြားသည်။
အလားတူ
နိုင်ငံတော်သမ္မတ ရုံးဝန်ကြီးဌာန အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက
အခွန်အယူခံခုံအဖွဲ့၏ ဆောင်ပုဒ်မှာ “ယုံကြည်၊ မျှတ၊ မှန်ကန်အခွန်အယူခံ” ဖြစ်ကြောင်း၊
အယူခံဝင်လိုသူ၊ အခွန်ထမ်း သို့မဟုတ် ပြည်သူလူထုနှင့် တွေ့ထိဆက်ဆံရသည့်အဖွဲ့လည်းဖြစ်ကြောင်း၊
ဝန်ထမ်းများသည် အသေးစားအဂတိလိုက်စားမှုပင်မရှိဘဲ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ
အရည်အသွေးပြည့်မီ တိုးတက်ကောင်းမွန်စေရန် အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊
အဂတိလိုက်စားမှုသည် နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးစီးပွားကို မသမာသောနည်းဖြင့်
ခိုးယူနေခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲများမှတစ်ဆင့်
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကိစ္စရပ်များကို အသိပညာဗဟုသုတများရရှိစေ ရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း
ပြောကြားသည်။
ထို့ပြင်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး၊
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်စပ်လျဉ်း၍ ဟောပြောဆွေးနွေးပြီး တက်ရောက်လာသူများက
သိရှိလိုသည်များကို မေးမြန်းရာ ပြန်လည်ဖြေကြားသည်။
ဆက်လက်၍
ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်ဝင်း ခေါင်းဆောင်၍ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန အခွန်အယူခံခုံအဖွဲ့ရုံးမှ
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့်
တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံ၊ အားသာချက်၊ အားနည်းချက်၊
သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment