Tuesday, August 18, 2026

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (နေပြည်တော်) တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းရိုက်ကူးထုတ်လွှင့်နေမှု ပြည်ထောင်စုဝန်ကြီးဦးသန်းမောင် ကြည့်ရှုလေ့လာ

 

နေပြည်တော် ဩဂုတ် ၁၇

တိုင်းရင်းသားများ၏ ဘာသာစကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းတို့ကို ဖော်ထုတ် ထိန်းသိမ်းရန်နှင့် တိုင်းရင်းသားများ၏ လှုပ်ရှားမှုဆောင်ရွက်ချက်များအား မှတ်တမ်းထားရှိနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း (NRC) ၏ ရိုက်ကူးထုတ်လွှင့်နေမှုကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ ကြည့်ရှုလေ့လာသည်။

ဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Auditorium ခန်းမ၌ တိုင်းရင်းသားဝန်ထမ်းများ၏ “ချစ်သော ပြည်ထောင်စု” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှု၊ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်း စွမ်းဆောင်နေသည့် နိုင်ငံတော်မီဒီယာမှတ်တမ်းဗီဒီယိုကို ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီး က NRC Channel ရိုက်ကူးထုတ်လွှင့်မှုအား လေ့လာသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း (NRC Channel) ထုတ်လွှင့်သည့် Presen-tation Room (2)၊ News Studio (2) ၌ NRC Channel မှ ဝန်ထမ်းများ၏ သရုပ်ပြသတင်းတင်ဆက်နေမှု၊ တိုင်းရင်းသား Radio Recording Studio ၌ “သူ့အလှည့်ရွေးသီ တေးပန်းချီ” အစီအစဉ် အသံသွင်းနေမှု၊ Virtual Studio ၌ NRC Channel မှ ဝန်ထမ်းများ၏ “ဆွေညီနောင်များ ဘာသာစကားဖြင့် ရင်းနှီးချစ်ကြည်စေမည်” ဘာသာစကားအစီအစဉ် ရိုက်ကူးနေမှုနှင့် Audio Mastering Studio ၌ တိုင်းရင်းသားဝန်ထမ်းများ၏ နေပြည်တော်တီးဝိုင်းဖြင့် သီဆိုလေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများကို ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

သတင်းစဉ်

No comments:

Post a Comment