ပုသိမ် ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံနိမ့်ကျမှုဖြစ်ပေါ်ခဲ့မှုအပေါ် ရေတိုက်စားမှုကာကွယ်ရေးနှင့် ရေစီးလမ်းကြောင်းပိတ်ဆို့ကာကွယ်ရေးလုပ်ငန်းများကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တံတားဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ နည်းပညာကျွမ်းကျင်သူများ၊ ကျွမ်းကျင်လုပ်သားများစုပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းတွင်
သဲဖြူချောင်းဖျားနှင့် မဟာမြိုင်တောရဆရာတော် ဒေါက်တာဘဒ္ဒန္တ ပညာဇောတနှင့် ဧရာဝတီတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးအေးကျော်တို့ သွားရောက်ကြည့်ရှုအားပေးကြသည်။
ထိုသို့ သွားရောက်ကြည့်ရှုစဉ် သဲဖြူချောင်းဖျားနှင့်
မဟာမြိုင်တောရဆရာတော်က ရေစီးလမ်းကြောင်း ပိတ်ဆို့ကာကွယ်ခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့်
တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများကို အလှူငွေများလှူဒါန်းပြီး
ပရိတ်တရားတော်များ ချီးမြှင့်သည်။
ထို့အတူ သဲဖြူချောင်းဖျားနှင့် မဟာမြိုင်တောရဆရာတော်သည်
တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်အတူ ဟင်္သာတမြို့နယ်၊ လဟာပကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်ကို
သွားရောက်၍ လေးမျက်နှာမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊
ရေဘေးသင့်ပြည်သူများကို ပရိတ်တရားတော်ချီးမြှင့်ခြင်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းထောက်ပံ့ခြင်းတို့
ဆောင်ရွက်သည်။
အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဟင်္သာတမြို့၌
မြန်မာနေရှင်နယ်လိဂ်ဥက္ကဋ္ဌ၊ ရှမ်းယူနိုက်တက်ဘောလုံးအသင်း၊ ဧရာဝတီယူနိုက်တက် အမျိုးသမီးဘောလုံးအသင်း၊
ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း၊ ရတနာပုံယူနိုက်တက်ဘောလုံးအသင်း၊ မြန်မာ့ လက်ရွေးစင်ကစားသမားဟောင်းများ၊
မြန်မာ့လက်ရွေးစင်ကစားသမားများနှင့် M League တို့က ရေဘေးသင့်ဒေသများအတွက် အလှူငွေကျပ်သိန်း
၁၀၀၀ စုပေါင်းလာရောက်လှူဒါန်းမှုကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း
သိရသည်။

No comments:
Post a Comment