Monday, August 31, 2026

ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရမှု တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

 


နေပြည်တော် ဩဂုတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြား နေရာ၌ တိုးမြစ်၏ မြစ်ကမ်းရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တွင် ဩဂုတ် ၂၅ ရက် နံနက်ပိုင်းမှစ၍ အလျားပေ ၃၀၀ ၊ အနံ ၄၅ ပေခန့် တာကိုယ်ထည်တိုက်စားမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ တာကိုယ်ထည်တိုက်စားခံရမှုအပေါ် ယာယီကာကွယ်နိုင်ရန်အတွက် တာခြေတွင် တုတ်တန်းရိုက်သဲအိတ်ဖြည့်ခြင်း၊ ယာယီပန်းတာပြုလုပ်ခြင်း၊ မြစ်ကမ်းထိန်းလုပ်ငန်းဖြစ်သည့် porcupine (ရေစီးနှုန်း လျော့ကျစေပြီး ရေထဲတွင်ပါလာသော နုန်းမြေ(sediment)များ စုပုံလာစေရန် ပြုလုပ်သည့်လုပ်ငန်း) ချထားခြင်း၊ Steel Cable Groyne (သံမဏိကြိုးအသုံးပြု ရေစီးထိန်းလုပ်ငန်း) ဆောင်ရွက်ခြင်းတို့ကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ စက်ယန္တရားများဖြင့် အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment