ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ကို ဗုဒ္ဓမြတ်စွာဘုရားရှင်က မေတ္တသုတ်တရားတော်ကို ထုတ်ဖော်ဟောကြားသည့် ဖြစ်ရပ်နှင့်စပ်လျဉ်း၍ ရည်စူးကျင်းပခြင်းဖြစ်သည်။ မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်အချိန်ကာလကဖြစ်သည်။ ရဟန်းတော်ငါးရာတို့သည် ဝါဆိုဦးအချိန်အခါ၌ မြတ်စွာဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းတရားများဆည်းပူးပြီး သပ္ပာယမျှတသည့် တောအုပ်တစ်ခုတွင် ပုရိမဝါဆိုကာ တရားအားထုတ်တော်မူကြသည်။
ထိုအခါ ရဟန်းတော်များ၏ သီလတန်ခိုးကြောင့်
သစ်ပင်ဗိမာန်ထက်မှဆင်းပေးရသည့်နတ်အချို့က ရဟန်းတော်များ ထွက်ပြေးစေရန်ရည်ရွယ်၍
အနံ့ဆိုးများ လွှတ်ခြင်း၊ ညစ်ညမ်းဆိုသံများဖြင့် အော်ဟစ်ခြင်း၊
ကြောက်မက်ဖွယ်ရာအဆင်းမျိုးစုံတို့ကို ဖန်ဆင်းခြင်းတို့ဖြင့် ရဟန်းတော်များ
ကြောက်လန့်အောင် ခြောက်လှန့်ခြင်းတို့ကို ပြုလုပ်ကြသည်။ နတ်အချို့၏
အနှောင့်အယှက်ပေးမှုကြောင့် ရဟန်းငါးရာတို့သည် တရားရှုမှတ်၍မရတော့ဘဲ
ဝါတွင်းကာလမှာပင် မြတ်စွာဘုရားရှိရာ ဇေတဝန်ကျောင်းတော်သို့ ပြန်လာခဲ့ကြသည်။
ဝါခေါင်လပြည့်နေ့တွင် မြတ်စွာဘုရားထံသို့ ဆိုက်ရောက်၍ ကြုံတွေ့ရသည့်အခက်အခဲများကို
လျှောက်ထားကြသည်။
မြတ်စွာဘုရားရှင်က ရဟန်းတို့ မေတ္တာကမ္မဋ္ဌာန်းမပွားကြသည့်အတွက်
ရုက္ခစိုးနတ်များနှင့် ရင်းနှီးမှုမရှိ၊ ချစ်ကျွမ်းမဝင်ဖြစ်ကာ
နှင်ထုတ်ခံရခြင်းဖြစ်ကြောင်း ဟောပြ၍ ရဟန်းငါးရာတို့အား မေတ္တာကမ္မဋ္ဌာန်း
သင်ပြပေးတော်မူသည်။ ရဟန်းငါးရာတို့သည် မူလတောအုပ်သို့ပြန်လာ၍ ဝါခေါင်လပြည့်ကျော် ၁
ရက်နေ့တွင် ပစ္ဆိမဝါ (ဒုတိယဝါ)ကပ်ကြသည်။ မြတ်စွာဘုရားရှင် သင်ပြသည့်အတိုင်း ရုက္ခစိုးနတ်များနှင့်တကွ
အားလုံးသော ဝေနေယျသတ္တဝါအပေါင်းတို့အပေါ် မေတ္တာဖြန့်ကြက်ပို့လွှတ်ကြသည်။
ရဟန်းတော်များ၏ ပို့လွှတ်အပ်သော မေတ္တာဓာတ်ကြောင့် နတ်အများ ကြည်ညိုချစ်ခင်လာကြသည်။
ရုက္ခစိုးနတ်အပေါင်း၏ စောင့်ရှောက်မှုကြောင့် ဝါတွင်းကာလ၌ တရားအားထုတ်ကြရာ
ရဟန်းတော်ငါးရာတို့မှာ ရဟန္တာဖြစ်လာကြသည်။
အဆိုပါရဟန်းတော်ငါးရာတို့ကို ဝါခေါင်လပြည့်နေ့တွင် မေတ္တသုတ်တော်ဟောကြားတော်မူသည်ကို
ရည်မှန်းကာ ယခုအခါဝါခေါင်လပြည့်နေ့ရောက်တိုင်း မေတ္တာအခါတော်နေ့ကို
ကျင်းပပူဇော်ကြသည်။ ရှေးယခင်က ဝါခေါင်လပြည့်နေ့တွင် မေတ္တာရေစင်သွန်းလောင်း၍
ကျင်းပလာသောကြောင့် မြန်မာပြည်တစ်ဝန်းလုံးဘေးရန်ကင်း၍ ငြိမ်းချမ်းသာယာဝပြောလာသည်။
မေတ္တသုတ်တော်ကို ဝါခေါင်လပြည့်နေ့တွင်သာမက နှစ်စဉ်ဇန်နဝါရီလမှ ဇွန်လအထိ မေတ္တသုတ်တော်လာ
နည်းပေါင်း ၅၆၁ နည်းဖြင့် မေတ္တာဓာတ်များ ဖြန့်ဝေပို့လွှတ်ခဲ့သည်။ ဇူလိုင်လမှ
ဒီဇင်ဘာလအထိ ပဋိသမ္ဘီဒါမဂ်နည်းပေါင်း ၅၂၈ သွယ်ဖြင့် ဝေနေယျသတ္တဝါအပေါင်း တို့အပေါ်
မေတ္တာဓာတ်များ ဖြန့်ဝေပို့လွှတ်ခဲ့ကြသည်။
ယခုအခါ မေတ္တာအခါတော်နေ့ကို
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပခြင်းမျိုး ဆောင်ရွက်ခြင်းမရှိတော့သော်လည်း
ရန်ကုန်မြို့တွင် ဆံတော်ရှင်မြတ်ကိန်းဝပ်သည့် ဗိုလ်တထောင်စေတီတော်၌
မေတ္တာဗျူဟာအဖွဲ့က ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့ကို အစဉ်အလာမပျက် ကျင်းပခဲ့သည်။
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့တွင် မေတ္တသုတ်တော်ကို ရွတ်ဖတ်ပူဇော်ကြခြင်းအပြင်
ဇီဝိတဒါနအဖြစ် သတ္တဝါအပေါင်းတို့ ချမ်းသာစေခြင်းအလို့ငှာ မေတ္တာဓာတ်များ
ဖြန့်ကြက်၍ တိရစ္ဆာန်အမျိုးမျိုးဘေးမဲ့လွှတ်ခြင်းတို့ကိုလည်း ဆောင်ရွက်ကြသည်။
ရှေးယခင်က ဘာသာရေးဝတ်အသင်းများပေါများလှသော်လည်း ယခုအခါ လူမှုစီးပွားဘဝအကြောင်းအမျိုးမျိုးတို့ကြောင့်
နည်းပါးသွားပြီဖြစ်သည်။ မေတ္တာတရားကို တစ်နေရာလုံး တစ်နိုင်ငံလုံးတစ်ကမ္ဘာလုံး
လွှမ်းခြုံပို့လွှတ်နိုင်ခြင်းဖြင့် ကမ္ဘာကြီး ငြိမ်းချမ်းသာယာဝပြောမည်မှာ
သေချာသည်။ မေတ္တာအခါတော်နေ့ကဲ့သို့ ပွဲလမ်းသဘင်များကို
လူစည်ကားပျော်ရွှင်မှုသက်သက်ဖြင့် ကျင်းပခြင်းဖြင့် ကုသိုလ်ကောင်းမှုများနှင့်
ငြိမ်းချမ်းသာယာမှုများ အပြည့်အဝရရှိမည်မဟုတ်ပေ။ မေတ္တာဓာတ်သက်သက်
ကောင်းမှုကုသိုလ်ဖက်၍ ကြိုးစားအားထုတ်သင့်သည်။
ယခုအခါတွင် ကမ္ဘာကြီး၌ လောဘ၊ ဒေါသ၊ မောဟများလာပြီး
ပဋိပက္ခအမျိုးမျိုးဖြစ်ပွားနေသည်ကို တွေ့ရမည်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး
ခွင့်လွှတ်သည်းခံခြင်းမရှိ ဒေါသ၊ မောဟ၊ မာန်မာနများဖြင့် မထီလေးစားဆက်ဆံလာကြသည်ကို
တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် လူအချင်းချင်း မေတ္တာမထားနိုင်ဘဲ သတ်ဖြတ်နှိပ်စက်ညှဉ်းဆဲခြင်းများအထိ
ပြုလုပ်နေကြသည်ကိုတွေ့ရမည်ဖြစ်သည်။ မေတ္တာတရားခေါင်းပါးလာသည့်အခါတွင် ကမ္ဘာကြီးပူပြင်းလောင်မြိုက်ပြီး
သတ္တလောက၊ ဩကာသလောကတစ်ခုလုံး မခံသာအောင် ပျက်စီးနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။
သို့ဖြစ်ရာ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့တွင် တစ်ကမ္ဘာလုံးမေတ္တာတရားလွှမ်းခြုံပြီး
ငြိမ်းချမ်းသာယာဝပြောသော ကမ္ဘာကြီးဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း
အားထုတ်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:
Post a Comment