ယနေ့သည် ဝါခေါင်လပြည့်နေ့ဖြစ်၍ မေတ္တာအခါတော်နေ့ဖြစ်သည်။ မြတ်စွာဘုရားက ရဟန်းငါးရာတို့အား မေတ္တသုတ်ဒေသနာတော်ကို ဝါခေါင်လပြည့်နေ့တွင် ဟောကြားတော်မူခဲ့သည်ကို အကြောင်းပြု၍ ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့အဖြစ် သတ်မှတ်ထား ခြင်းပင်ဖြစ်သည်။
မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်၌
သီတင်းသုံးတော်မူစဉ် ရဟန်းငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရားနာယူ၍ တောအုပ်အတွင်းဝင်ကာ
ပုရိမဝါဆိုတရား အားထုတ်တော်မူကြသည်။ ထိုအခါ ရဟန်းတို့၏သီလကြောင့် သစ်ပင်ရှိ
နတ်ဗိမာန်မှနတ်တို့သည် မနေနိုင်ကြသဖြင့် ရဟန်းတို့အား အမျိုးမျိုးခြောက်လှန့်ကြရာ ရဟန်းတို့သည်လည်း
ကောင်းစွာတရားအားထုတ်မှု မပြုနိုင်ကြတော့သဖြင့် ထိုအကြောင်းကို မြတ်စွာဘုရားထံ သွားရောက်လျှောက်ထားကြသည်။
မြတ်စွာဘုရားက ဝါခေါင်လပြည့်နေ့တွင် ရဟန်းတို့အား မေတ္တသုတ္တန်ဒေသနာကို
ဟောကြားသွန်သင်ပေးတော်မူပြီး တောအုပ်သို့ပြန်စေခဲ့သည်။ ရဟန်းတို့သည် တောအုပ်၌ မေတ္တသုတ္တန်တွင်ပါရှိသည့်အတိုင်း
မေတ္တာဘာဝနာပွားများကြရာ နတ်များ၏လိုလားချစ်ခင်မှုကို ရရှိကြပြီး
ကောင်းစွာတရားအားထုတ်နိုင်ခဲ့ကြသည်။
မေတ္တသုတ်သည် ပရိတ်ကြီး ၁၁ သုတ်တွင်ပါဝင်ပြီး လိုက်နာကျင့်ကြံရမည့်နည်းလမ်းနှင့်
ကျင့်စဉ်တို့ပါရှိသည့်အလျောက် ရွတ်ရုံနှင့်မပြည့်စုံဘဲ အားထုတ်ရန်လည်းလိုသည်ဟု
ဆရာတော်ကြီးများက ဟောကြားတော်မူကြသည်။ ‘‘မေတ္တသုတ်ပရိတ်တော်၏
အစွမ်းရှိန်စော်အာနုဘော်ကြောင့် နတ်အများတို့သည် ကြောက်မက်ဖွယ်အာရုံတို့ကို
မပြနိုင်ကုန်။ အကြင်မေတ္တသုတ်ပရိတ်တော်ကို နေ့ညမပြတ် အခါခပ်သိမ်းပျင်းရိခြင်းမရှိဘဲ
စွဲမြဲရွတ်ပွားအားထုတ်သူသည် ချမ်းသာစွာအိပ်စက်ရ၏၊ အိပ်မက်ဆိုးတို့ကို မမြင်မမက်ရ’’
ဟူ၍ ပရိတ်တော်၏ ပဏာမနိဒါန်းတွင် အကျိုးအာနိသင်ကို အကျဉ်းအားဖြင့် ပြထားသည်။ မေတ္တာ၏
အကျိုး (၁၁) ပါးမှာ ‘‘ချမ်းသာ အိပ်နိုး၊ အိပ်မက်ဆိုးကင်း၊ ချစ်ခြင်းလူနတ်၊
နတ်စောင့်တတ်လျက်၊ လက်နက်ဆိပ်မီး၊ မရောက်ပြီးခဲ့၊ စိတ်လည်းတည်စွာ၊ မျက်နှာကြည်လင်၊
သေလျှင်မတွေ၊ သေသောအခါ၊ ဗြဟ္မာ့ရွာ၊ လားရာမေတ္တာကျိုး’’ ဟူ၍ မြတ်စွာဘုရားက
ဟောတော်မူသည်။
နိဗ္ဗာန်သို့ရောက်နိုင်သည်အထိ ကိုယ်ကျိုးစီးပွားအတွက်
အရည်အသွေးနှင့် ပြည့်စုံလိုသူသည် (၁) ကုသိုလ်ကောင်းမှုကို ပြုလုပ်နိုင်စွမ်းသူဖြစ်ရမည်။
(၂) ကိုယ်၊ နှုတ် ရိုးသားဖြောင့်မတ်မှန်ကန်သူ ဖြစ်ရမည်။ (၃) စိတ်ဓာတ်လည်း ရိုးသားဖြောင့်မတ်မှန်ကန်သူဖြစ်ရမည်။
(၄) ဆိုဆုံးမမှုတို့ကို နာခံလွယ်သူဖြစ်ရမည်။ (၅) နူးညံ့သိမ်မွေ့ရမည်။ (၆) မာန်မာနမကြီးသူဖြစ်ရမည်။
(၇) ရောင့်ရဲလွယ် ရမည်။ (၈) အမွေးအမြူလွယ်ရမည်။ (သူများ၏ ကူညီစောင့်ရှောက်မှုကို
ကျေနပ်နှစ်သက်နိုင်ရမည်။) (၉) ကိစ္စနည်းပါးရမည်။ (အပိုအလုပ်များနှင့်
အချိန်ကုန်မနေစေရ။) (၁ဝ) ပေါ့ပါးစွာ အသက်မွေးတတ်ရမည်။ (ဟိတ်ကြီးဟန်ကြီး
ဇာချဲ့မနေရ။) (၁၁) ငြိမ်သက်သော ဣန္ဒြေရှိရမည်။ (၁၂) ရင့်ကျက်သောပညာရှိရမည်။ (၁၃)
ကြမ်းတမ်းခက်ထန်ရိုင်းပြသူမဖြစ်စေရ။ (၁၄) ပုဂ္ဂိုလ်စွဲသူမဖြစ်စေရ။ (၁၅)
ပညာရှိတို့ပြစ်တင်မည့် မကောင်းမှုမျိုးကို အသေးအဖွဲ့မျှပင်ဖြစ်စေ မပြုလုပ်ရ။
ဆိုခဲ့ပါအချက် (၁၅) ချက်တို့မှာ မေတ္တာဘာဝနာပွားမည့် ပုဂ္ဂိုလ်တို့
ကျင့်ကြံကြရမည့် ကိုယ်ရည်ကိုယ်သွေးများပင်ဖြစ်သည်။
ထို့နောက် သတ္တဝါမှန်သမျှ ကိုယ်ချမ်းသာကြပါစေ၊ ဘေးရန်ကင်းဝေးအေးချမ်းသာယာကြပါစေ၊
စိတ်လည်းချမ်းသာကြပါစေ။ အလုံးစုံသော ထိတ်လန့်တတ်သော ပုထုဇဉ်သေက္ခများ၊ မထိတ်လန့်
တတ်သောရဟန္တာပုဂ္ဂိုလ်များ၊ ကိုယ်ခန္ဓာရှည်လျားသောသတ္တဝါများ၊ ကိုယ်ခန္ဓာကြီးမားသောသတ္တဝါများ၊
ကိုယ်ခန္ဓာအလတ်စားသတ္တဝါများ၊ ပုကွနိမ့်တိုကိုယ်ရှိသောသတ္တဝါများ၊ သေးငယ်မှုန်မွှားသောသတ္တဝါများ၊
ဆူဖြိုးဝိုင်းဝန်းသောသတ္တဝါများ၊ မြင်ဖူးသောသတ္တဝါများ၊ မမြင်ဖူးသောသတ္တဝါများ၊ အဝေး၌နေသောသတ္တဝါများ၊
အနီး၌နေသောသတ္တဝါများ၊ ခန္ဓာကိုယ်ခြေလက်အင်္ဂါပြည့်စုံပြီး သတ္တဝါများ၊
မပြည့်စုံသေးသည့် သတ္တဝါများ အားလုံးကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ဘေးရန်ကင်းဝေးကြပါစေ။
တစ်ယောက်သည် အခြားသူတစ်ယောက်ကို အငြိုးအတေးထားခြင်း ကင်းပါစေ။ မည်သူတစ်ဦးတစ်ယောက်ကို
ဘာအတွက်နှင့်မျှ အထင်အမြင်မသေးကြပါစေနှင့်။ တစ်ဦးနှင့်တစ်ဦး
ထိပါးနှိပ်စက်ခြင်းဖြင့်လည်းကောင်း၊ ဒေါသစိတ်ဖြင့်လည်းကောင်း ဒုက္ခမဖြစ်ပါစေနှင့်။
သားတစ်ဦးတည်းသာရှိသည့်မိခင်သည် မိမိ၏ရင်သွေးတစ်ဦးတည်းသောသားကို မိမိအသက်နှင့်လဲ၍
ထာဝစဉ်ကာကွယ်စောင့်ရှောက်သကဲ့သို့ သတ္တဝါအားလုံးအပေါ်မှာ အတိုင်းအတာအကန့်အသတ်မရှိသည့်
မေတ္တာမျိုးဖြစ်အောင်ပွားများပါ။ အထက်၊ အောက်၊ အလယ်အရပ်မျက်နှာမှာ ရှိနေကြသော သတ္တဝါအားလုံး
ချမ်းသာကြပါစေ၊ ဘေးရန်ကင်းပါစေ၊ ကျဉ်းမြောင်းခွဲခြားသည့် စိတ်ဓာတ်မျိုးမထားရ (တစ်ပြေးညီ
မေတ္တာပွားနိုင်ရမည်။) မေတ္တာပွားများသူမှာ ရန်မရှိ၊ ဘေးမရှိ။ ရပ်လျက်ဖြစ်စေ၊
သွားလျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ၊ အိပ်လျက်ဖြစ်စေ ငိုက်မျဉ်းခြင်းကင်းနေချိန်တွင် မေတ္တာသတိကို
စွဲမြဲစွာဆောက်တည်ရာ၏။ ဤမေတ္တာဈာန်သတိဖြင့်နေခြင်းကို ထူးမြတ်သောနေခြင်းမျိုးဟူ၍ ဘုရားရှင်များဟောကြားတော်မူခဲ့သည်။
ဒိဋ္ဌိအယူမှားကို ခွာ၊ သီလဖြူစင်အောင်စောင့်ရှောက်၊ ဝိပဿနာကျင့်စဉ်ကို အားထုတ်၊
ဝတ္ထုအာရုံကာမဂုဏ်ကို ပယ်ရှားပြီးသော်နောက်တစ်ဖန် မိခင်ဝမ်းထဲ ရောက်ရန်မရှိတော့ပေ။
ဟူ၍ ဟောကြားတော်မူထားခြင်းဖြစ်သည်။
မေတ္တသုတ်ပရိတ်တရားတော်သည် ရွတ်ပွားရုံမက လူတိုင်းဆောက်တည်ကျင့်သုံးခြင်းဖြင့်
ပူပြင်းလောင်မြိုက်နေသည့်လောက ကမ္ဘာကြီးတစ်ခုလုံးကို
အေးချမ်းသာယာစေမည်ဖြစ်သည့်အကြောင်း။ ။

No comments:
Post a Comment