နေပြည်တော် ဩဂုတ် ၂၇
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ပညာရေးဝန်ကြီးဌာနသို့ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ဆရာကိုင်စာအုပ်များနှင့် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြီး ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်ထံသို့ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ဆရာကိုင်စာအုပ်များနှင့် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များ စုစုပေါင်း ၆၇၆၅၀ ကို လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက ကော်မရှင်ဥက္ကဋ္ဌထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ
ဦးစိုးသိန်းက ဖြောင့်မတ်တည်ကြည်မှုရှိသည့် အပြုအမူ၊ အနေအထိုင်၊ အပြောအဆို၊ အလုပ်အကိုင်နှင့်
စဉ်းစားတွေးခေါ်မှုများကို ငယ်စဉ်ကတည်းက စွဲမြဲစွာပြုမူနေထိုင်နိုင်စေရန် စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ပါကြောင်း၊
ထိုသို့လေ့ကျင့်ပျိုးထောင်ရန်အကောင်းဆုံးနှင့် အသင့်တော်ဆုံးနေရာမှာ စာသင်ကျောင်းများသာဖြစ်ပါကြောင်း၊
ကော်မရှင်အနေဖြင့် ပညာရေးကဏ္ဍတွင် လေ့လာကိုးကားနိုင်ရန် ရည်ရွယ်၍ ထိုင်းနိုင်ငံ၊ အမျိုးသားအဂတိလိုက်စားမှု
တိုက်ဖျက်ရေးကော်မရှင်၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ခြင်း ဘာသာရပ်သင်ရိုးညွှန်းတမ်းများနှင့်
UNODC (United Nations
Office on Drugs and Crime) ၏ E4J (Education for Justice) မှ ပြုစုထားသည့် Module များကို တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များအဖြစ်
ပြုစုထုတ်ဝေခဲ့ပါကြောင်း၊ ယခုတစ်ကြိမ် အောက်ခြေအခြေခံကျောင်းများအထိ ဖြန့်ဝေနိုင်ရန်
ထပ်မံလွှဲပြောင်းပေးအပ်ခြင်းဖြစ်ပါကြောင်း၊ လူငယ်အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရန်
ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် ကော်မရှင်မှ ပြုစုထားသည့် သင်ခန်းစာများကို သင်ရိုးညွှန်းတမ်းများတွင်
လိုအပ်သလို ဖြည့်စွက်ထည့်သွင်း ရေးဆွဲသင်ကြားဆွေးနွေးပေးနိုင်ပါရန်
တိုက်တွန်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က
ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment