ကျောင်းကုန်း ဩဂုတ် ၂၇
ယခုနှစ် ဇူလိုင်လကုန်ပိုင်းမှစ၍ နိုင်ငံတစ်ဝန်းဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ခဲ့သော ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ ထောက်ပံ့ထားရှိမှုမှာ ငွေကျပ်သိန်းပေါင်း ၃၁၀၀၀ ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
အလားတူ ငဝန်တာအောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍
ရေဖြတ်သန်းစီးဆင်းမှုကြောင့် ရေဝင်နစ်မြုပ်မှုများ ဖြစ်ပွားလျက်ရှိသော ရေကြည်မြို့နယ်
ရေကြည်မြို့ အားကစားရုံ၊ သင်္ဃန်းဒေါင့်ဘုန်းကြီးကျောင်းတို့ရှိ ရေဘေးရှောင်စခန်းများသို့
ယမန်နေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ
ကြည့်ရှုအားပေးပြီး အိမ်ထောင်စု ၁၉၂ စု၊ လူဦးရေ ၅၈၅ ဦးအတွက် ဆန်ရိက္ခာဖိုးငွေ၊
ကြက်ဥ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်နှင့် ရေဘေးသင့်ပြည်သူများအနက်မှ အသက် ၇၀
နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ အသက် ၅ နှစ်အောက်ကလေးများ၊
ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းသူ စသည်ဖြင့် ထိခိုက်လွယ်လူဦးရေ ၈၀ အတွက် တစ်ဦးလျှင်
ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေများပေးအပ်ပြီး စုစုပေါင်းငွေကျပ် ၇၃ ဒသမ ၂
သိန်း ထောက်ပံ့နိုင်ခဲ့သည်။
ဆက်လက်၍ ကျောင်းကုန်းမြို့ရှိ မြို့ပေါက်ဆိန်ဘုန်းကြီးကျောင်း၊
ရတနာပုံဘုန်းကြီးကျောင်းနှင့် ဥယျာဉ်ကြီးဘုန်းတော်ကြီးကျောင်းများရှိ ရေဘေးရှောင်စခန်းများ၌
ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ ရေများကျဆင်း၍ နေအိမ်သန့်ရှင်းရေးဆောင်ရွက်ရာတွင်
တစ်ကိုယ်ရေကျန်းမာရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဂရုပြုဆောင်ရွက်ရန်၊
စာသင်ကျောင်း၊ ဆေးရုံ၊ လမ်းအစရှိသည့် အများပြည်သူပိုင်နေရာများကို စုပေါင်းသန့်ရှင်းရေး
ဝိုင်းဝန်းလုပ်ဆောင်ရန်ပြောကြားပြီး စခန်းများရှိ ရေဘေးသင့်အိမ်ထောင်စု ၆၃၆ စုမှ
လူဦးရေ ၂၂၈၁ ဦးတို့အတွက် ဆန်ရိက္ခာဖိုး ငွေ၊ ကြက်ဥ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်နှင့်
အသက် ၇၀ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ အသက် ၅ နှစ်အောက်ကလေးများ၊
ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းသူ စသည်ဖြင့် ထိခိုက်လွယ်လူဦးရေ ၉၃ ဦးအတွက်
တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ခဲ့ပြီး ထောက်ပံ့မှုစုစုပေါင်း ငွေကျပ်
၂၁၄ ဒသမ ၅၅ သိန်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment