နေပြည်တော် ဩဂုတ် ၂၆
မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မရှင်၏ (၁၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် Park Royal ဟိုတယ်၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Le Hoai Trung နှင့်အတူ ဦးဆောင်တက်ရောက်ကြသည်။
အဆိုပါအစည်းအဝေးတွင်
မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ထူထောင်ထားသည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု
မိတ်ဖက်ဆက်ဆံရေးအောက်မှ နှစ်နိုင်ငံဆက်ဆံရေးနှင့် ဘက်စုံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု
တိုးမြှင့်ရေးကိစ္စရပ်များ၊ အထူးသဖြင့် နိုင်ငံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ စီးပွားရေး၊
ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊ သယ်ယူပို့ဆောင်ရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး၊
ပညာရေးနှင့် လေ့ကျင့်သင်ကြားရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့်နည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊
ယဉ်ကျေးမှု၊ ခရီးသွားနှင့် ပြည်သူအချင်းချင်း အပြန်အလှန်ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးကိစ္စရပ်များကို
ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများကို
အပြန်အလှန်ရှင်းလင်းအသိပေးကြပြီး နှစ်နိုင်ငံအကြား ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင်
အပြန်အလှန်ထောက်ခံအားပေးလျက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို
ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက
၂၀၂၇ ခုနှစ်တွင် မြန်မာ-ဗီယက်နမ် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးထူထောင်မှု
(၁၀) နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
နှစ်နိုင်ငံသံတမန်သင်တန်းကျောင်းများအကြား ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် နှစ်နိုင်ငံနိုင်ငံခြားရေး
ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံမှ
ရင်းနှီးမြှုပ်နှံသူများအား ရတနာပုံဆိုက်ဘာစီးတီးအပါအဝင် မြန်မာနိုင်ငံ၏ နည်းပညာအထူးဇုန်များတွင်
ရင်းနှီးမြှုပ်နှံမှုများ လာရောက်ပြုလုပ်ရန်၊ နည်းပညာဆိုင်ရာပစ္စည်းများ လာရောက်ထုတ်လုပ်ရန်
ဖိတ်ခေါ်လိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု
မဟာဗျူဟာ (အက်ခ်မက်) အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်လျက်ရှိသကဲ့သို့ ဗီယက်နမ်နိုင်ငံအနေဖြင့်လည်း
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်လျက်ရှိရာ
နှစ်နိုင်ငံအကြား အဆိုပါဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုမူဘောင်များအောက်မှလည်း နီးကပ်စွာ
ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံက ဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့်
အာဆီယံနှင့် ဆက်ဆံရေးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကို
အပြုသဘောဆောင် ကြိုဆိုသည့် ဗီယက်နမ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို အသိအမှတ်ပြု
ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက
မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအပေါ် ဂုဏ်ပြုပါကြောင်း၊
ဗီယက်နမ်တွင်လည်း ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ (၁၄) ကြိမ်မြောက် အမျိုးသားပါတီ ကွန်ဂရက်ကို
အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေးမဟာဗျူဟာများကို ချမှတ်ဆောင်ရွက်လျက်ရှိရာ
ယခုအချိန်သည် နှစ်နိုင်ငံစလုံးအတွက် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်
အချိန်အခါကောင်းဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား နှစ်နိုင်ငံဆက်ဆံရေး၊ ကုန်သွယ်ရေးနှင့်
ရင်းနှီးမြှုပ်နှံမှု၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုနှင့် ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု
စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားလိုကြောင်း၊ အာဆီယံ၊ ကုလသမဂ္ဂနှင့်
အခြားသောအပြည်ပြည်ဆိုင်ရာ မူဘောင်များတွင် မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝနှင့် တန်းတူအခွင့်အရေးရရှိရေးအတွက်
ဗီယက်နမ်နိုင်ငံက ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံက မြန်မာနိုင်ငံ၏
ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူမှု-ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုတို့အတွက်
ကြိုးပမ်းမှုများကို ထောက်ခံကြောင်း၊ နှစ်နိုင်ငံအကြား အာဆီယံ၊ အက်ခ်မက်နှင့် စီအယ်လ်အမ်ဗွီတို့အပါအဝင်
ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ပြောကြားသည်။
အစည်းအဝေးအပြီးတွင်
နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက ပူးတွဲကော်မရှင်အစည်းအဝေး၏ သဘောတူညီချက်မှတ်တမ်းကို
လက်မှတ်ရေးထိုးခဲ့ကြသည်။
အစည်းအဝေးသို့
မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ
တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။
မွန်းလွဲပိုင်းတွင်
ပြည်ထောင်စုဝန်ကြီးက ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့အား နေ့လယ်စာဖြင့်
တည်ခင်းဧည့်ခံခဲ့သည်။
ညနေပိုင်းတွင်
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Le Hoai Trung နှင့်အဖွဲ့သည် နေပြည်တော်မှ
ပြန်လည်ထွက်ခွာရာ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌
လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment