Monday, August 17, 2026

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

 



မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိနိုင်ငံအများစုတွင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ယခင်ကထက်ပို၍ နှစ်စဉ်ရင်ဆိုင်ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံ၌ ၂၀၂၃ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ်တွင် တောင်တရုတ်ပင်လယ်မှ စတင်ဖြစ်ပေါ်ခဲ့သည့် စူပါတိုင်ဖွန်းမုန်တိုင်းရာဂီ၏ နောက်ဆက်တွဲဆိုးကျိုးများ၊ ၂၀၂၅ ခုနှစ်တွင် အင်အားအလွန်ပြင်းထန်သောမန္တလေးငလျင်ကြီးနှင့် ယခုနှစ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ မြို့နယ်အချို့တွင် ဖြစ်ပေါ်နေသည့်ရေကြီးရေလျှံမှုများကြောင့် လူမှုရေး၊ စီးပွားရေး ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်ခဲ့သည်။

လက်ရှိအချိန်တွင် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာကြီးပူနွေးလာမှု အကြီးမားဆုံးစိန်ခေါ်မှုများနှင့် ကြုံတွေ့လျက်ရှိသည်။ ကမ္ဘာလုံးဆိုင်ရာသက်ရောက်မှုရှိသည့် အယ်လ်နီညိုဖြစ်စဉ် စတင်ဖြစ်ပေါ်နေပြီး ယခုနှစ်အကုန်တွင် အင်အားအလွန်ပြင်းထန်သော အယ်လ်နီညိုဖြစ်စဉ်ဖြစ်ပေါ်လာမည်ဟု မိုးလေဝသဌာနများက သတိပေးထားသည်။ ယခုအခါ ကမ္ဘာတစ်ဖက်ခြမ်း၌ အပူချိန်လွန်ကဲခြင်း၊ တောမီးလောင်ခြင်း၊ မိုးခေါင်ရေရှားခြင်း ဖြစ်စဉ်များဖြစ်ပေါ်နေပြီး ကမ္ဘာ့တစ်ဖက်ခြမ်းတွင် သာမန်ထက်လွန်ကဲသည့် မိုးရွာသွန်းမှုများကြောင့် ရေကြီးရေလျှံခြင်း၊ ပြင်းထန်သည့် မုန်တိုင်းများတိုက်ခတ်ခြင်း၊ အင်အားပြင်းငလျင်လှုပ်ခတ်ခြင်းများနှင့် ကြုံတွေ့နေသည်ကို မြင်တွေ့ကြားသိကြရမည်ဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းတို့သည် အပြန်အလှန်ကြောင်းကျိုးဆက်စပ်လျက်ရှိသဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို ကမ္ဘာတစ်ဝန်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်တွင် နိုင်ငံတော်သမ္မတက “ရာသီဥတုပြောင်းလဲမှုလျှော့ချရေးကို နိုင်ငံတော်အနေဖြင့် ကဏ္ဍအသီးသီးတွင် စနစ်တကျအစီအမံဖြင့် အထူးအလေးထား ပေါင်းစပ်ဆောင်ရွက်နေသည်ကို ဌာနဆိုင်ရာများနှင့် ပြည်သူအားလုံးက ပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်နေသည်ကို သတိပေးမှာကြားလိုကြောင်း၊ ထို့ကြောင့် သဘာဝဘေးအန္တရာယ်များကို လျော့ပါးသက်သာစေရေးအတွက် အရိုးရှင်းဆုံး၊ အလွယ်ကူဆုံး၊ ကုန်ကျစရိတ်အသက်သာဆုံးဖြင့် နေရာတိုင်းတွင် လူတိုင်းလုပ်နိုင်ပြီး အကျိုးကျေးဇူးများစွာရနိုင်သည့် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောထိန်းသိမ်းခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

သစ်ပင်သစ်တောများသည် ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုများကိုလည်း တားဆီးကာကွယ်ပေးသည်။ ထိုမျှမက ရေနှင့်မြေဆီလွှာ ထိန်းသိမ်းရေးနှင့် စားရေရိက္ခာဖူလုံရေးစသည့် ဂေဟစနစ်ဝန်ဆောင်မှုများကိုလည်း ပံ့ပိုးပေးလျက်ရှိသည်။ သစ်တောသစ်ပင်များသည် သဘာဝဂေဟစနစ်များအားလုံး၏ ဗဟိုချက်ဖြစ်ပြီး စိုက်ပျိုးထိန်းသိမ်းပြီး စနစ်တကျစီမံအုပ်ချုပ်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် ပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြည်စေပြီး နိုင်ငံတော်သာယာဝပြောရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေမည်ဖြစ်သည်။

သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းသည် ဇရပ်၊ တန်ဆောင်း၊ ကျောင်းဆောက်လုပ် လှူဒါန်းခြင်း၊ လမ်းတံတားဆောက်လုပ်လှူဒါန်းခြင်း၊ ရေတွင်းရေကန်တူးဖော်လှူဒါန်းခြင်းစသည်တို့နှင့် တန်းတူအကျိုးထူးများရရှိနိုင်သည့် ထာဝရကုသိုလ်တစ်ခုပင်ဖြစ်သည်။ သစ်ပင်စိုက်ပျိုးခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးခြင်းဖြစ်သည့်အပြင် အေးမြသည့်အရိပ်အာဝါသ၊ လှပစိမ်းစိုသည့်ရှုခင်း၊ အရောင်စုံပြီး မွှေပျံ့သည့်ပန်းရနံ့များကိုလည်းရရှိစေသည်။ စိတ်ရင်းစေတနာကောင်းများဖြင့် သစ်ပင်စိုက်ပျိုးခြင်းသည် တူညီသည့်အကျိုးကျေးဇူးများကို ပြန်လည်ရရှိနိုင်သည်။ နိုင်ငံတစ်ဝန်း သစ်တောဖုံးလွှမ်းမှု တိုးတက်စေရေးအတွက် အပူပိုင်းဒေသ ၁၃ခရိုင် စိမ်းလန်းစိုပြည်ရေးစီမံကိန်း၊ ကမ်းရိုးတန်းဒီရေတောများ ဘက်စုံစီမံအုပ်ချုပ်ခြင်း စီမံကိန်းစသည့် သစ်တောထိန်းသိမ်းရေးစီမံကိန်းများကို ရည်မှန်းချက်နှင့်အညီ အောင်မြင်ဖြစ်ထွန်းစေရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်အနေဖြင့် နှစ်စဉ်သစ်ပင်စိုက်ပျိုးခြင်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တွန်းအားပေးဆောင်ရွက်လျက်ရှိရာ နိုင်ငံတစ်ဝန်းသစ်တောများဖုံးလွှမ်းမှု တိုးတက်ကောင်းမွန်လာပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေး၊ သဘာဝဘေးအန္တရာယ်အမျိုးမျိုး လျော့ပါးသက်သာ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေးရည်ရွယ်ချက်များ ပြည့်မြောက်အောင်မြင်အောင် အကောင်အထည်ပေါ်လာစေရန်အတွက် နိုင်ငံတော်က ဦးဆောင်ပြီး ပြည်သူလူထုပူးပေါင်းပါဝင်မှုနှင့်အတူ တစ်နိုင်ငံလုံး ဒေသအသီးသီးတွင် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည့် သစ်ပင်စိုက်ပျိုးပွဲတော်များတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:

Post a Comment