Monday, August 17, 2026

ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး အထူးအရေးကြီး

 



မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဆောင်စဉ်နှင့်မွေးဖွားစဉ် မိခင်သေဆုံးမှုနှုန်းသည် တစ်သိန်းလျှင် ၂၈၂ ဦးရှိနေရာ အရှေ့တောင်အာရှဒေသတွင် ဒုတိယအမြင့်မားဆုံးဖြစ်နေသည်။ အရှေ့တောင်အာရှဒေသ၏ ကိုယ်ဝန်ဆောင်နှင့်မွေးဖွားစဉ် မိခင်ပျမ်းမျှသေဆုံးမှုနှုန်းမှာ တစ်သိန်းလျှင် ၁၄၀ ဖြစ်ရာ မြန်မာနိုင်ငံက နှစ်ဆကျော်လွန်နေခြင်းဖြစ်သည်။

ကိုယ်ဝန်ဆောင်မိခင်နှင့်မွေးဖွားမိခင် ကျန်းမာရေးစောင့်ရှောက်မှုတွင် မိခင်များအာဟာရပြည့်ဝရေးမှာ မိခင်အတွက်ရော ရင်သွေးအတွက်ပါ အထူးအရေးပါသည့်ကဏ္ဍ၌ ရှိနေသည်။ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်တို့ အာဟာရချို့တဲ့ပါက မိခင်ရောကလေးပါ ကျန်းမာရေးထိခိုက်နိုင်ပြီး တစ်ခါတစ်ရံသေဆုံးသည်အထိ ဖြစ်စေနိုင်သည်။ ကိုယ်ဝန်ဆောင်စဉ်ကာလနှင့် ကလေးမွေးဖွားပြီးနောက် ခန္ဓာကိုယ်ပြောင်းလဲမှုများ ဖြစ်ပေါ်လာရာတွင် အာဟာရလိုအပ်ချက်မှာလည်း အဆင့်ဆင့်ပြောင်းလဲသွားသည်။ သို့ဖြစ်ရာ မိခင်ရောကလေးပါ ရောဂါကင်းစင်ကျန်းမာပျော်ရွှင်နိုင်ကြစေရန်အတွက် လိုအပ်သည့်အာဟာရဓာတ်များ အပြည့်အဝရရှိစေရန် အစားအစာကို ဂရုတစိုက်စားသုံးပေးနိုင်ကြဖို့လိုသည်။

မိခင်လောင်းလျာအမျိုးသမီးသည် ကိုယ်ဝန်မဆောင်မီ အနည်းဆုံးသုံးလခန့်ကကြိုတင်၍ အာဟာရပြည့်ဝအောင် စားသုံးကြရန်လိုကြောင်း လေ့လာတွေ့ရှိထားသည်ဟု အာဟာရဆိုင်ရာ သုတေသီများက ပြောကြားကြသည်။ ကလေးငယ်တစ်ဦး၏ ဖွံ့ဖြိုးမှုအတွက် ပဋိသန္ဓေတည်သည့်အချိန်မှစ၍ မွေးဖွားပြီးခြောက်လအထိသည် လွန်စွာအရေးကြီးသည့် ပထမဆုံးရက်ပေါင်း ၅၀၀ ဟုဆိုသည်။ ယေဘုယျအားဖြင့် ကိုယ်ဝန်ဆောင်မိခင်များသည် တစ်နေ့လျှင် ပုံမှန်ထက်အပိုဆောင်း၍ ကယ်လိုရီ ၃၀၀ မှ ၄၅၀ ကီလိုကယ်လိုရီခန့်လိုအပ်ပြီး ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ ပိုမိုလိုအပ်နိုင်သည်။ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုပေါ်မူတည်၍ တစ်နေ့လျှင် ကယ်လိုရီ ၂၀၀၀ မှ ၂၈၀၀ ခန့် လိုအပ်သည်။

ကိုယ်ဝန်ဆောင်ရန် ပြင်ဆင်ချိန်မှစကာ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက် မိခင်နှင့်သန္ဓေသား၏ကျန်းမာရေးကို မထိခိုက်စေရန် ငါးပိ၊ ငါးခြောက်၊ အချိုမှုန့်၊ အသင့်စားခေါက်ဆွဲခြောက်များကဲ့သို့ အလွန်အမင်းပြုပြင်ဖန်တီးထားသည့် အစားအစာများ၊ အသွင်ပြောင်းဆီပါဝင်သည့် မုန့်များနှင့် ဆီကြော်မုန့်များ၊ ပြည့်ဝဆီနှင့် ကိုလက်စထရော မြင့်မားသည့် အစားအစာများ၊ အန္တရာယ်ရှိသော ဗက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် ကပ်ပါးပိုးများ၊ သန်ကောင်ဥများပါဝင်နိုင်သည့် သားငါး၊ ဥများ၊ အသားချဉ်၊ ငါးချဉ်များ၊ ပိုးသတ်မထားသည့် နို့နှင့် နို့ထွက်ပစ္စည်းများကို ရှောင်ကြဉ်ကြရမည်ဖြစ်သည်။ ထို့အပြင် နံနက်စာမစားဘဲနေခြင်း၊ အစာစားချိန်နောက်ကျခြင်း၊ ဆေးလိပ်သောက်ခြင်းစသည့် အလေ့အထများရှိနေပါကလည်း ရှောင်ကြဉ်ပြုပြင်ကြရမည်ဖြစ်သည်။

မိခင်နှင့်ကလေးငယ်အတွက် လိုအပ်သောအာဟာရဓာတ်များ ပြည့်စုံစွာရရှိနိုင်ရန် နေ့စဉ်စားသောက်မှုပုံစံကို စနစ်တကျပြင်ဆင်ထားပါက ပို၍ထိရောက်နိုင်သည်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အစားရှောင်ခြင်းလုံးဝမပြုလုပ်ရဘဲ နေ့စဉ်ထမင်းနှင့် ဟင်းတစ်နပ်ပို၍ စားကြရန်လိုသည်။ နို့တိုက်မိခင်သည် ကလေးအတွက် လိုအပ်သောအာဟာရများ ပြည့်စုံလုံလောက်စွာရရှိစေရန်အတွက် ကိုယ်ဝန်ဆောင်မိခင်ဘဝထက် ပို၍စားရမည်ဖြစ်သည်။ အင်အားဖြစ်စေသောအစာ၊ ခန္ဓာကိုယ်ကြီးထွားစေသောအစာ၊ ရောဂါကာကွယ်စေသော အစာဟူသည့် အစာအုပ်စု သုံးစုစလုံးပါဝင်အောင် စားသောက်ရမည်ဖြစ်သည့်အပြင် ပမာဏအားဖြင့်လည်း ပို၍စားရန်လိုသည်။ အစာစားချိန်တိုင်း ရေ သို့မဟုတ် ဟင်းရည်ပါဝင်ရန်နှင့် တစ်နေ့လျှင် အရည်နှစ်လီတာခွဲမှ သုံးလီတာအထိ သောက်ရန်နှင့်အစားအစာများ သန့်ရှင်းရန်၊ အသားငါးများကို ကျက်အောင်ချက်ပြုတ်ရန်တို့သည်လည်း အထူးအရေးကြီးသည်။

မွေးရာပါ ကိုယ်အင်္ဂါချို့တဲ့မှုများဖြစ်ခြင်းမှကာကွယ်ရန် ကိုယ်ဝန်ရှိကြောင်း သိရှိချိန်မှစ၍ သံဓာတ် ၆၀ မီလီဂရမ်နှင့် ဖောလစ်အက်စစ် ၄၀၀ မိုက်ခရိုဂရမ်ဆေးပြား တစ်နေ့တစ်ပြား နေ့စဉ်သောက်ရန်၊ ကိုယ်ဝန်သုံးလနောက်ပိုင်း သန်ချဆေးပြား တစ်ကြိမ်သောက်ရန်၊ ကိုယ်ဝန်ကိုးလမှစ၍ ကလေးမွေးဖွားပြီးသုံးလအထိ ဗီတာမင်ဘီဝမ်းဆေးပြားကို သတ်မှတ်ထားသောပမာဏအတိုင်း နေ့စဉ်သောက်သုံးရန်တို့ကိုလည်း ကျန်းမာရေးပညာရှင်များက လမ်းညွှန်ထားသည်။

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရပြည့်စုံရေးသည် မိခင်နှင့်တကွ ရင်သွေးငယ်အတွက်ပါ အရေးကြီးသည့်အလျောက် သြဂုတ်လတတိယပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ်သတ်မှတ်၍ သရုပ်ပြသပွဲများ၊ အသိပညာပေးမှုများပြုလုပ်လျက်ရှိရာ အလေးဂရုပြု၍ မှတ်သားလိုက်နာကျင့်သုံးကြခြင်းအားဖြင့် မိခင်နှင့်ရင်သွေးမိသားစုတို့ ကျန်းမာခြင်းသုခ ပြည့်ဝကြပါမည့်အကြောင်း။ ။

No comments:

Post a Comment