Thursday, August 27, 2026

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 


နေပြည်တော် ဩဂုတ် ၂၆

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Le Hoai Trung ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မိမိတို့နှစ်နိုင်ငံသည် တရားဝင် သံတမန်ဆက်ဆံရေးကို ၁၉၇၅ ခုနှစ် မေလမှစ၍ ထူထောင်ခဲ့ကြသဖြင့် ယခုဆိုလျှင် (၅၁) နှစ်ထဲသို့ ရောက်ရှိပြီဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးစွာဖြင့် ကာလရှည်ကြာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် မိတ်ဆွေနိုင်ငံများဖြစ်ကြပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား စီးပွားရေး၊ နည်းပညာနှင့် ယဉ်ကျေးမှုစသည့် ကဏ္ဍများတွင်လည်း ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြပါကြောင်း၊ ဗီယက်နမ်နိုင်ငံ၏ ကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်ကို မိမိတို့အနေဖြင့် ဂုဏ်ယူဝမ်းမြောက်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ဗီယက်နမ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအထောက်အပံ့ပြုသည့် Doi Moi Plan (2.0) နှင့်ပတ်သက်၍လည်း ထဲထဲဝင်ဝင် လေ့လာလိုပါကြောင်း၊ ထို့အပြင် ဗီယက်နမ်အမျိုးသားလွှတ်တော်နှင့် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်တွင် မြန်မာ-ဗီယက်နမ် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့ ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ မိမိတို့လွှတ်တော် နှစ်ရပ်အကြား လွှတ်တော်အချင်းချင်း ထိတွေ့ဆက်ဆံရေး၊ လွှတ်တော်ကော်မတီချင်း ဆက်ဆံရေး၊ လူငယ်၊ အမျိုးသမီးနှင့် နည်းပညာစသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံပါလီမန်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့-AIPO စတင်ဖွဲ့စည်းစဉ်ကတည်းက ပါဝင်ခဲ့ပြီး ယခုအာဆီယံပါလီမန်များ ညီလာခံ-AIPA တွင်လည်း အဖွဲ့ဝင်အဖြစ်ဆက်လက်တည်ရှိပါကြောင်း၊ အလားတူပင် နိုင်ငံတကာပါလီမန်များအဖွဲ့-IPU တွင်လည်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာမျက်နှာစာနှင့် အာဆီယံပါလီမန်များညီလာခံ၊ နိုင်ငံတကာပါလီမန်များအဖွဲ့တွင် ဗီယက်နမ်အမျိုးသားလွှတ်တော်နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း၊ ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီသည် နိုင်ငံပေါင်းများစွာနှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိသည်ကို သိရှိပါကြောင်း၊ မိမိတို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့်လည်း ဗီယက်နမ်ကွန်မြူနစ်ပါတီနှင့် ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်ရန်ဆန္ဒရှိပါကြောင်း ပြောကြားသည်။

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက မိမိတို့နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသည့် သံတမန်ဆက်ဆံရေးသည် ကြာမြင့်သည့် ကာလတစ်ခုသို့ ရောက်ရှိပြီဖြစ်ပါကြောင်း၊ သံတမန်ဆက်ဆံရေး ကြာမြင့်လာသည်နှင့်အမျှ အစိုးရအချင်းချင်း၊ ပြည်သူအချင်းချင်း၊ လွှတ်တော်အချင်းချင်းလည်း ချစ်ကြည်ရင်းနှီးရန် ဆက်လက်ကြိုးပမ်းမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာကာ ဆယ်စုနှစ်များစွာ လက်တွဲဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပကတိအခြေအနေများကိုလည်း နားလည်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အစိုးရနှင့်လွှတ်တော်များ ဖွဲ့စည်းပေါ်ပေါက်လာမှုအပေါ် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အခက်အခဲများစွာကို ဖြတ်ကျော်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သည့် အစီအမံများကိုလည်း မျှဝေသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ ဗီယက်နမ်နိုင်ငံသားများကိုလည်း ကူညီစောင့်ရှောက်စေလိုပါကြောင်း၊ ထို့အပြင် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့များ ဖွဲ့စည်းပြီး လူငယ်၊ အမျိုးသမီး၊ နည်းပညာ စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှလည်း အဆွေတော်ကို နှုတ်ခွန်းဆက်သသည်ကို အသိပေးလိုပါကြောင်း၊ လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း နောင်တွင်ဖိတ်ကြား တွေ့ဆုံသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံအပေါ် အစဉ်အမြဲထောက်ခံသွားမည်ဖြစ်ပြီး အာဆီယံပါလီမန်များညီလာခံနှင့် နိုင်ငံတကာပါလီမန်များအဖွဲ့တွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးတေဇကျော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း၊ ပြည်သူ့လွှတ်တော် မြန်မာ-ဗီယက်နမ် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့ အဖွဲ့ဝင် ဒေါ်မြင့်သန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပြီး ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Nguyen Anh Duc နှင့်ဗီယက်နမ်သံရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

သတင်းစဉ်

No comments:

Post a Comment