ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို ဩဂုတ် ၂၅ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြို့ရွာများ သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အုပ်ချုပ်မှုပိုင်းဆိုင်ရာနှင့် စည်ပင်သာယာရေးဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်၍ မြို့နေပြည်သူလူထုနှင့်ပူးပေါင်းပြီး မြို့ရွာများ သန့်ရှင်းသာယာလှပရေးကို ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယခုအခါ မိုးရာသီကာလဖြစ်၍
အချို့ဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။ မြို့ပြများတွင် ရေနုတ်မြောင်းများပိတ်ဆို့မှုကြောင့်
အချို့ရပ်ကွက်များတွင် ရေဝင်ရောက်မှုများ မကြာခဏဖြစ်ပေါ်လျက်ရှိသည်။ အချို့မြို့ရွာကျေးလက်များတွင်
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ချောင်းရေများတက်လာကာ ရေတားတာများ ရေကျော်လာ၍
မြို့ရွာကျေးလက်ဒေသအချို့တွင် ရေကြီးရေလျှံမှုများ ယနေ့အထိဖြစ်ပေါ်နေသည်။ အဓိကအားဖြင့် မြစ်ကြီးများအပါအဝင် ချောင်းမြောင်းများတိမ်ကောလာခြင်းနှင့်
မိုးရွာသွန်းမှုများပြားလာခြင်း ကြောင့်ဖြစ်သည်ကို တွေ့ရသည်။ မြစ်ကြီးများ၊ ချောင်းမြောင်းများ
တိမ်ကောလာမှုကို မြစ်ချောင်းမြောင်းများ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း၊ သဲနုန်းများဆယ်ယူခြင်းဖြင့်
ရေစီးဆင်းမှုကောင်းမွန်လာပြီး ရေကြီးရေလျှံဖြစ်ပွားမှုကို လျှော့ချနိုင်မည်ဖြစ်သည်။
ယခုအခါ နိုင်ငံအတွင်း
ဒေသအချို့၌ ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ကူညီကယ်ဆယ်ရေး၊ ထိန်းသိမ်းကာကွယ်တည်ဆောက်ရေးတို့ကို
သက်ဆိုင်ရာအဖွဲ့အစည်းများက ဆောင်ရွက်လျက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ငဝန်ပန်းတာရေဝင်ရောက်မှုကို
ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နည်းပညာသုံးအင်ဂျင်နီယာဆိုင်ရာ တားဆီးမှုဖြစ်သည့် သဲအိတ်ကြီးများချထားခြင်း၊
မျောတုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍ ကာကွယ်ခြင်းနှင့် စတီးပိုင်ရိုက်သွင်းခြင်းစသည့်
တာတမံနိမ့်ကျသည့်နေရာများ ပြန်လည်ခိုင်မာစေရန် စက်ယန္တရားများနှင့် လုပ်အားများအသုံးပြု၍
အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိသည်။ အလားတူ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားအသုံးပြု၍
သောင်တူးသည့်စက်ကြီးများဖြင့် ဆောင်ရွက်နိုင်အောင် စီမံဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်မြို့ရှိ
အချို့မြို့ပေါ်ရပ်ကွက်များတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသည်။ များသောအားဖြင့်
ရေနုတ်မြောင်းများအတွင်း အမှိုက်သရိုက်များ ပိတ်ဆို့မှုကြောင့်ဖြစ်သည်ကို တွေ့ရသည်။
မြို့နေလူထုအနေဖြင့် ရေနုတ်မြောင်းများ၊ အိမ်ရှေ့မြောင်းများ ပိတ်ဆို့မှုမဖြစ်စေရေးအတွက်
စည်ပင်သာယာရေးအဖွဲ့များက တည်ဆောက်ပေးထားသော မြောင်းများ၊ မြောင်းဖုံးများကို အဟန့်အတားမဖြစ်အောင်
ပြုလုပ်ဖို့လိုသည်။ အမှိုက်သရိုက်များကိုလည်း စည်းကမ်းတကျစွန့်ပစ်ကြရန်လိုသည်။
မြို့ရွာများ သန့်ရှင်းသာယာလှပရေးနှင့်ပတ်သက်၍
နိုင်ငံတော်သမ္မတ သွားရောက်ခဲ့သည့် နိုင်ငံများမှ မြို့ရွာရပ်ကွက်များတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်
မြို့နေပြည်သူလူထု စနစ်တကျစည်းကမ်းရှိစွာ မြို့ရွာရပ်ကွက်များကို ထိန်းသိမ်းထားသောကြောင့်
သန့်ရှင်းသာယာလှပနေသည်ကို တွေ့မြင်ခဲ့ရသည်။ အထူးသဖြင့် သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့အစည်းများက
ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်သူတစ်ဦးချင်းစီအလိုက်လည်း စည်းကမ်းတကျလိုက်နာဆောင်ရွက်ကြသောကြောင့်
သန့်ရှင်းသာယာလှပနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ဤသို့သန့်ရှင်းသာယာလှပအောင်
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်
အုပ်ချုပ်ရေးပိုင်းဆိုင်ရာအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးဆိုင်ရာအဖွဲ့အစည်းများက
စနစ်တကျကြပ်မတ်ဆောင်ရွက်၍ မြို့နေလူထုနှင့်ပူးပေါင်းကာ မြို့ရွာများသန့်ရှင်းသာယာလှပရေး
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
ယခုအခါ ရန်ကုန်မြို့တွင်
မြို့ရွာများသန့်ရှင်းသာယာလှပရေးအတွက် ရပ်ကွက်အလိုက် နေအိမ်ပတ်ဝန်းကျင်နှင့်လမ်းများ၊
ရေနုတ်မြောင်းများ စနစ်တကျဖြစ်စေရေးအတွက် စည်းကမ်းမဲ့ပိတ်ဆို့ထားမှုများ၊ အဖီအဆွယ်အကာအရံများကြောင့်
လမ်းများနှင့် ရေမြောင်းများ ပိတ်ဆို့ဆောင်ရွက်ထားမှုများကို စိစစ်ကြပ်မတ်ရှင်းလင်း
ဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရသည်။ ပြည်သူလူထုအနေဖြင့် စည်းကမ်းလိုက်နာမှုတွင် အားနည်းသောကြောင့်
မြို့ရွာရပ်ကွက်လမ်းများတွင် ပိတ်ဆို့ကျူးကျော်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမည်ဖြစ်သည်။
စည်းကမ်းလိုက်နာမှုအားနည်းသည့် အစဉ်အလာသည် ရေရှည်ကြာမြင့်စွာ ဖြစ်ပွားခဲ့သဖြင့် ပြည်သူလူထုအား
စဉ်ဆက်မပြတ် အသိပညာပေးခြင်းများ ပြုလုပ်ကာ လိုက်နာဆောင်ရွက်ခြင်းမရှိသူများကို ပြဋ္ဌာန်းထားသည့်
ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းတို့ကို စနစ်တကျဆောင်ရွက်သွားရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြို့ရွာရပ်ကွက်များ
သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူတစ်ဦးချင်းအလိုက် တာဝန်ကိုယ်စီရှိသလို သက်ဆိုင်ရာအဖွဲ့အစည်းများကလည်း
အစဉ်အမြဲ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်တာဝန်ရှိသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊
မြို့ပေါ်ရပ်ကွက်ကျေးရွာများအလိုက် အစဉ်အမြဲသန့်ရှင်းသာယာလှပပြီး မြို့ပြအင်္ဂါဂုဏ်ဒြပ်များနှင့်ညီညွတ်အောင်
အချိန်ယူ၍ ပြည်သူလူထုအား အသိပညာပေးခြင်း၊ စောင့်ကြည့်ကြပ်မတ်ဆောင်ရွက်ခြင်း၊ ဝိုင်းဝန်းပူးပေါင်းလာစေခြင်းတို့ကို
နေ့စဉ်နေ့တိုင်း အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော် အသိပေးအပ်ပါကြောင်း။ ။

No comments:
Post a Comment