Sunday, August 23, 2026

မြေသယံဇာတကို စနစ်တကျ မျှတ ရေရှည်တည်တံ့စွာ စီမံခန့်ခွဲအသုံးချ

 



အမျိုးသားမြေအသုံးချမှုကောင်စီ ပထမအကြိမ်အစည်းအဝေးကို ဩဂုတ် ၂၁ ရက်က နေပြည်တော်ရှိ သစ်တောဦးစီးဌာနတွင် ကျင်းပပြုလုပ်ရာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးညိုစောက မြေသယံဇာတကို စနစ်တကျ၊ မျှတစွာနှင့် ရေရှည်တည်တံ့စွာ စီမံခန့်ခွဲအသုံးချရန်အခြေအနေများ၊ ထိရောက်သော မြေစီမံခန့်ခွဲမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးပြီး ခေတ်နှင့်လျော်ညီကာ တည်ဆဲဥပဒေပြဋ္ဌာန်းချက်များအကြား ထိန်းညှိပေးနိုင်သည့် အမျိုးသားမြေဥပဒေတစ်ရပ် ရေးဆွဲအတည်ပြုရန်အခြေအနေများ စသည်တို့ကို ဆွေးနွေးပြောကြားသည်။

အမျိုးသားမြေအသုံးချမှုမူဝါဒကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။ မြေအရင်းအမြစ်များသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စားဝတ်နေရေးအတွက် အခြေခံကျသောအရင်းအမြစ်ဖြစ်သကဲ့သို့ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ထုံးစံ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဆက်နွှယ်နေသည့် အရင်းအမြစ်တစ်ခုဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ပဋိပက္ခများသည် မြေအရင်းအမြစ်များကိုအသုံးချမှုနှင့် ဆက်စပ်လျက်ရှိသောကြောင့် ပိုမိုပြည့်စုံကောင်းမွန်သော မြေအသုံးချမှုစနစ်ဖြစ်လာရန်လိုသည်။ ထို့ကြောင့် အမျိုးသားမြေအသုံးချမှုမူဝါဒကို ထိရောက်စွာ အကောင်အထည်ဖော်ရန်နှင့် ကဏ္ဍအလိုက် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ၏ ကွဲလွဲမှုများကို ထိန်းညှိရန်အတွက် အမျိုးသားမြေဥပဒေကို Umbrella Law အဖြစ်ပြဋ္ဌာန်းရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ယင်းကိုအကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မြေအသုံးချမှုကော်မတီများ ပြန်လည်ဖွဲ့စည်းရေး၊ မြေအသုံးချမှုဆိုင်ရာ သတင်းအချက်အလက်များ၊ မြေပုံများ၊ မှတ်တမ်းများစုစည်းခြင်း၊ အမျိုးသားမြေအသုံးချမှုစီမံကိန်းနှင့် မြေအသုံးချမှုဇုန်များ ရေးဆွဲဆောင်ရွက်ရာတွင် အထောက်အကူပြုလုပ်ငန်းကော်မတီနှင့် လုပ်ငန်းကော်မတီများကို စနစ်တကျ ဖွဲ့စည်းရေးကိစ္စရပ်များ၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု၊ ကုန်ထုတ်လုပ်မှုတိုးတက်စေရေးနှင့် ဈေးကွက်ချိတ်ဆက်ရေးတို့ကို ပေါင်းစပ်ဆောင်ရွက်မည့် အခြေအနေများအား အသေးစိတ်ဆွေးနွေးပြီး လုပ်ငန်းတာဝန်များ ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန် အမျိုးသားမြေအသုံးချမှုကောင်စီက ဆောင်ရွက်နေသည်။

မြန်မာနိုင်ငံတွင် မြေစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ဥပဒေ ၅၃ ခုရှိပြီး ပုဂ္ဂလိကကဏ္ဍတွင် မြေယာရောင်းဝယ်ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အမှုအခင်းအရှုပ်အထွေးများ ဖြစ်ပေါ်လျက်ရှိသည်။ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း အချင်းချင်းဝိရောဓိဖြစ်နေခြင်း၊ ခေတ်စနစ်နှင့် မကိုက်ညီခြင်းတို့ကို ဖြေရှင်းနိုင်ရန်အတွက် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအလိုက် ပြဋ္ဌာန်းဥပဒေများကို လေ့လာဆန်းစစ်ပြီး ဥပဒေများအချင်းချင်း သဟဇာတဖြစ်စေရေးနှင့် အဆိုပါဥပဒေများကို လွှမ်းခြုံသည့် အမျိုးသားမြေဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဥပဒေများ သဟဇာတဖြစ်စေရေးကို ၂၀၂၃ ခုနှစ် ဩဂုတ်လမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ လျာထားသတ်မှတ်ဆောင်ရွက်ခဲ့သည်။

မြေအသုံးချမှုဆိုသည်မှာ မြေယာများကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားရေး၊ စိုက်ပျိုးရေး၊ သစ်တောထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် စနစ်တကျခွဲဝေအသုံးပြုခြင်းဖြစ်သည်။ မြေအသုံးချမှုအမျိုးအစားများတွင် လယ်ယာလုပ်ငန်းမြေ၊ ဥယျာဉ်ခြံမြေနှင့်စိုက်ပျိုးရေးအတွက် အသုံးပြုသော စိုက်ပျိုးမြေ၊ ကြိုးဝိုင်းသစ်တော၊ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဧရိယာများပါဝင်သည့် သစ်တောမြေ၊ မြို့ပြတည်ဆောက်ရေး၊ လူနေအိမ်ခြေ၊ စက်မှုဇုန်နှင့်လုပ်ငန်းသုံးမြေများပါဝင်သည့် လူနေနှင့် စီးပွားရေးမြေများပါဝင်သည်။ အမျိုးသားမြေအသုံးချမှုမူဝါဒသည် တောင်သူလယ်သမားများ၏ အခွင့်အရေးကိုကာကွယ်ပေးရန်နှင့် စားရေရိက္ခာလုံခြုံမှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် သစ်တောဦးစီးဌာနတို့က မြေအမျိုးအစားအလိုက် စာရင်းများနှင့် မြေပုံများကို စနစ်တကျစီမံခန့်ခွဲလျက်ရှိသည်။ မြို့ပြလူနေစီးပွားဖွံ့ဖြိုးရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စည်ပင်သာယာရေးဌာနများက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ မြေသယံဇာတများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုလူမှုစီးပွားဘဝများ တည်ငြိမ်ခိုင်မာရေးအတွက် အရေးကြီးသော အရင်းအမြစ်များ ဖြစ်သည်။ နိုင်ငံတော်အတွင်းရှိ မြေသယံဇာတများကို စနစ်တကျ၊ မျှတစွာနှင့် ရေရှည်တည်တံ့စွာ စီမံခန့်ခွဲအသုံးချနိုင်ရန် လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ရေတိုရေရှည်မဟာဗျူဟာများ၊ နည်းဗျူဟာများ၊ လုပ်ငန်းစဉ်များချမှတ်နိုင်ရေး၊ အမျိုးသားမြေဥပဒေရေးဆွဲထုတ်ပြန်နိုင်ရေးနှင့် ကောင်းမွန်သည့် မြေသယံဇာတအုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု ဖြစ်ပေါ်လာစေရေးတို့အတွက် နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးကို အလေးထားရှေးရှု၍ ဝိုင်းဝန်းပူးပေါင်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment