Sunday, August 23, 2026

သားကောင်းရတနာတို့ ပေါ်ထွန်းလာရေး

 


အနာဂတ်ကာလတွင် နိုင်ငံတော်တည်ဆောက်ရေးနှင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတို့ကို တာဝန်ယူသွားကြရမည့်သူများမှာ ယနေ့လူငယ်များဖြစ်သည်။ လူငယ်ဆိုသည်မှာ အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိသူများဖြစ်သည်ဟု ကုလသမဂ္ဂက အဓိပ္ပာယ်ဖွင့်ဆိုထားပြီး မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒတွင် အဓိပ္ပာယ်ဖွင့်ဆိုမှုအရဆိုလျှင် လူငယ်ဆိုသည်မှာ အသက်အပိုင်းအခြား ၁၅ နှစ်မှ ၃၅ နှစ် အတွင်းရှိ မြန်မာနိုင်ငံသားများကိုဆိုလိုသည်။

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင် လူငယ်ဦးရေ ၁၇ သန်းခန့်ရှိပြီး စုစုပေါင်းလူဦးရေ၏ ၃၂ ဒသမ ၆၉ ရာခိုင်နှုန်းဖြစ်ရာ လူငယ်အင်အားများပြားသည့် လူဦးရေဆုလာဘ်ကို ရရှိထားခြင်းဖြစ်သည်။ အရေအတွက်အားဖြင့် နိုင်ငံအတွက် အခွင့်အလမ်းကောင်းတစ်ရပ်ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်သော်လည်း လူငယ်ထုအတွင်း ပညာရေးဆိုင်ရာအားနည်းချက် ဖြစ်ပေါ်လျက်ရှိနေသည်။ အရေအတွက်များပြားသည့် လူငယ်ထုတွင် အရည်အသွေးအရ အားနည်းနိမ့်ကျနေရခြင်းသည် ပညာသင်ယူမှုနှင့် သက်ဆိုင်နေသည်။ လူငယ်ထုအတွင်းပညာကို ဆုံးခန်းတိုင်အောင်သင်ယူလိုသည့် ဆန္ဒနည်းပါးခြင်း သို့မဟုတ် အဆင့်မြင့်ပညာတတ်မြောက်သည်အထိမသင်ယူဘဲ အခြေခံပညာတစ်ဝက်တစ်ပျက်နှင့် ကျောင်းထွက်၍ ဝင်ငွေရသည့်အလုပ်များလုပ်ကိုင်ကြခြင်းက နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ကို နိမ့်ကျအားနည်းစေသည်။

အခြေခံပညာမူလတန်း၊ အလယ်တန်းမျှလောက်နှင့် ကျောင်းထွက်သွားကြသည့် လူငယ်များအနေနှင့်လည်း ရေရှည်တွင် ဘဝ အတွက် အာမခံချက်ရှိမည့် အလုပ်အကိုင်မျိုးကိုရရှိရန်မှာ လွန်စွာ ခဲယဉ်းမည်ဖြစ်သည်။ ပညာရေးအားနည်းသည့် လူငယ်များနှင့် ပတ်သက်၍ ‘‘ထိုကဲ့သို့ အားနည်းချက်များကြောင့် ဘဝအာမခံချက်ရှိသည့် အလုပ်အကိုင်ရရှိမှုအားနည်းခြင်း၊ ပုံမှန်လုပ်ခလစာမရရှိသည့်အလုပ် (Informal Sectors) များတွင် အများစုလုပ်ကိုင်နေရခြင်း၊ ကျောင်းသင်ပညာရေးနှင့် အလုပ်အကိုင်ကိုက်ညီမှု အားနည်းခြင်း၊ စွန့်ဦးတီထွင်လုပ်ငန်းနှင့် ဆန်းသစ်တီထွင်မှု ဂေဟစနစ်အားနည်းခြင်းစသည့် စီးပွားရေးဆိုင်ရာစိန်ခေါ်မှုများ၊ မူးယစ်ဆေးဝါးပြဿနာ၊ အွန်လိုင်းလောင်းကစား၊ အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုများ၊ စိတ်ကျန်းမာရေးပြဿနာများစသည့် လူမှုရေးဆိုင်ရာစိန်ခေါ်မှုများအပြင် နိုင်ငံတော်ကာကွယ်ရေးနှင့်တည်ဆောက် ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှု (Civic Engagement) နည်းပါးခြင်း၊ ပရဟိတလုပ်ငန်း၊ စေတနာ့ဝန်ထမ်းလုပ်ငန်းများတွင် စိတ်ရင်းစေတနာဖြင့် လုပ်ကိုင်ကြသည်မှန်သော်လည်း စည်းစနစ်တကျဆောင်ရွက်နိုင်မှုအားနည်းခြင်းစသည့် အမျိုးသားရေးစိတ်ဓာတ်ဖွံ့ဖြိုးရေးဆိုင်ရာ စိန်ခေါ်မှုများကိုလည်း မိမိတို့နိုင်ငံတွင် တွေ့ကြုံနေရသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း’’ ဟူ၍ နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

ဆင်းရဲနွမ်းပါးမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုတို့ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် ပညာသင်ယူလိုသည့် ဆန္ဒနည်းပါးမှုနှင့် လူငယ်များရင်ဆိုင်တွေ့ကြုံနေကြရသည့် ကျယ်ပြန့်များပြားလှစွာသော စိန်ခေါ်မှုများကို လူငယ်များ၏ဘဝနှင့် ပတ်ဝန်းကျင်တို့မှ ရှင်းလင်းဖယ်ရှားပေးရန်မှာ လုပ်ကိုင်ဆောင်ရွက်ကြရမည့် လုပ်ငန်းဆောင်တာများ လွန်စွာများပြားလှမည်ဖြစ်သည်။

‘‘မိမိအနေဖြင့် လူငယ်များသည် တန်ဖိုးမဖြတ်နိုင်သည့် သက်ရှိသယံဇာတများဖြစ်သည်ဟု ခံယူထားပြီး နိုင်ငံတော်ကို အကျိုးပြုမည့် နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွန်းလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်အဖြစ် ‘စွမ်းရည်ပြည့်ဝသော လူငယ်၊ အားကောင်းသောနိုင်ငံ၊ မျှဝေပိုင်ဆိုင်သောအနာဂတ်’ (Empowered Youth, Strong Nation, Shared Future) ဆိုသည့်ဆောင်ပုဒ်ကို ချမှတ်ထားပြီး အမျိုးသားအဆင့် လူငယ်ဖွံ့ဖြိုးရေးမူဝါဒ မူဘောင်တစ်ရပ်ရေးဆွဲကာ မဟာဗျူဟာများ၊ ရေတို/ရေရှည် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ပြောကြားလိုပါကြောင်း’’ ဟူ၍လည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

ယခုအခါ အနာဂတ်နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအလေးထား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လူငယ်ရေးရာဝန်ကြီးဌာနကို သီးခြားဖွဲ့စည်း၍ လူငယ်ရေးရာကိစ္စများကို ကဏ္ဍပေါင်းစုံမှ စနစ်တကျ ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိသည်။ လူငယ်များ ကျန်းမာကြံ့ခိုင်ရေး၊ ပညာရည်ဖွံ့ဖြိုးတိုးတက်ရေး၊ စိတ်ဓာတ်၊ စည်းကမ်းနှင့် စာရိတ္တကောင်းမွန်ရေး၊ မူးယစ်ဆေးဝါးကင်းစင်ရေး၊ အသက်မွေး၀မ်းကျောင်းအတတ်ပညာ၊ နည်းပညာများသင်ယူနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်နိုးကြားရေး စသည်ဖြင့် လူငယ်များ၏ အနာဂတ်နှင့် နိုင်ငံတော်၏အနာဂတ်အတွက် သားကောင်းသမီးကောင်းရတနာများပေါ်ထွန်းရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အားလုံးပါဝင်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

No comments:

Post a Comment