Friday, August 14, 2026

၆၆/၃၃/၁၁ ကေဗွီ၊ (၃၀+၃၀+၂၀) အမ်ဗွီအေ မော်လမြိုင် (ငန်းတေး) ဓာတ်အားခွဲရုံ ဓာတ်အားပိတ်၍ လုပ်ငန်းများ ဆောင်ရွက်မည်

နေပြည်တော် သြဂုတ် ၁၃

မွန်ပြည်နယ် မော်လမြိုင်မြို့ ၆၆/၃၃/၁၁ ကေဗွီ၊ (၃၀+၃၀+၂၀) အမ်ဗွီအေ မော်လမြိုင် (ငန်းတေး) ဓာတ်အားခွဲရုံကို လိုအပ်သည့်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် ဩဂုတ် ၁၅ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဓာတ်အားပိတ်၍ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်ငန်းများဆောင်ရွက်နေစဉ် အဆိုပါဓာတ်အားခွဲရုံမှ ဓာတ်အား ဖြန့်ဖြူးပေးထားသော မော်လမြိုင်မြို့ပေါ် ၁၈ ရပ်ကွက်နှင့် ကျေးရွာ ကိုးရွာ၊ ကျိုက်မရော မြို့ပေါ် လေးရပ်ကွက်နှင့် ကျေးရွာ ၄၁ ရွာ၊ မုဒုံမြို့ပေါ် လေးရပ်ကွက်နှင့် ကျေးရွာ ၃၅ ရွာတို့တွင် ယာယီဓာတ်အား ပြတ်တောက်နေမည်ဖြစ်ပါသဖြင့် ဓာတ်အားပြတ်ဧရိယာများရှိ စက်ရုံ/အလုပ်ရုံများနှင့် ဓာတ်အားသုံးစွဲသူ ပြည်သူများကို ကြိုတင်အကြောင်းကြားထားပြီးဖြစ်သည်။

ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်

ထို့အတူ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အား ထုတ်လုပ်မှုများအား နိုင်ငံတော်ဓာတ်အားစနစ်ကွန်ရက်သို့ ပိုမိုသယ်ဆောင်နိုင်ရန်၊ ဓာတ်အား စနစ်တည်ငြိမ်စေရန်နှင့် ဗို့အားတိုးတက်ကောင်းမွန်စေရန်အတွက် ၁၃၂ ကေဗွီ တီကျစ်-ကလောဓာတ်အားလိုင်း၏ လက်ရှိ အလူမီနီယံသတ္တုလျှပ်ကူးကြိုး (ACSR) ကို ဝန်အားနှစ်ဆကျော်အထိ တိုးမြှင့်သယ်ဆောင်နိုင်သည့် နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံ ဓာတ်အားလိုင်းကြိုး (ACCC) ဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများကို ဩဂုတ် ၁၄ ရက် နံနက် ၆ နာရီမှ ဩဂုတ် ၁၆ ရက် ညနေ ၆ နာရီအထိ ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုသို့ ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်စဉ်လိုအပ်ပါက ဝန်အားထိန်းညှိ ဆောင်ရွက်မည် ဖြစ်ပြီး သက်ဆိုင်ရာ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှတစ်ဆင့် ပြည်သူသို့ အသိပေးထားပြီးဖြစ်ကြောင်းနှင့် ဓာတ်အားလိုင်းကြိုးလဲလှယ်ပြီးပါက ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ် ကွန်ရက်သို့ ပိုမိုပို့လွှတ်နိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

သတင်းစဉ်

No comments:

Post a Comment