Friday, August 14, 2026

အင်္ဂလန်နည်းပြ ကောလင်းဘဲလ် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း၏ နည်းပြချုပ်ဖြစ်လာ


ရန်ကုန် ဩဂုတ် ၁၃ 

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း၏ နည်းပြချုပ်သစ်အဖြစ် အင်္ဂလန်နိုင်ငံသား ကောလင်းဘဲလ်ကို သုံးနှစ်စာချုပ်ဖြင့် တရားဝင်ခန့်အပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း၏ နည်းပြချုပ်သစ်ခန့်အပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်နှင့် တာဝန်ရှိသူများ၊ နည်းပြချုပ်သစ် Colin Bell (ကောလင်းဘဲလ်)၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကစားသမားများနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့သည်။

နည်းပြချုပ် ကောလင်းဘဲလ်က မြန်မာကစားသမားများ၏ ပွဲစဉ်အချို့ကို လူကိုယ်တိုင်ရော ဗီဒီယိုများမှပါ ကြိုတင်လေ့လာထားပြီးဖြစ်ကြောင်းနှင့် လေ့ကျင့်ရေးစခန်းစတင်ပါက ကြံ့ခိုင်မှု၊ စွမ်းဆောင်ရည် စစ်ဆေးမှုများကို စနစ်တကျ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ကစားသမားများ၏ တက်ကြွမှုနှင့် မွေးရာပါဘောလုံးပါရမီ အရည်အသွေးများကို မြင်တွေ့ရသဖြင့် အတူတကွ လက်တွဲလုပ်ကိုင်ရန် အထူးမျှော်လင့်နေပြီး မြန်မာအသင်းအနေဖြင့် အာရှအဆင့်တွင် ယှဉ်ပြိုင်နိုင်ရုံတင်မကဘဲ အောင် မြင်မှုဆုဖလားများ ဆွတ်ခူးနိုင်သည့် အလားအလာကောင်းများ ပိုင်ဆိုင်ထားကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

မြန်မာအသင်း၏ အဓိကပန်းတိုင်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ တက်လှမ်းနိုင်ရန်ဖြစ်ပြီး အဆိုပါ စိန်ခေါ်မှုသည် မိမိအတွက် အကြီးမားဆုံးတွန်းအားဖြစ်စေကြောင်း၊ မျှော်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန် ကစားသမားများဘက်မှ စိတ်ဓာတ်ရေးရာနှင့် ကြိုးစားလိုစိတ် အမြင့်မားဆုံးရှိနေရမည်ဖြစ်ပြီး နည်းပြတစ်ဦးအနေဖြင့် လိုအပ်သည့် အပြောင်းအလဲနှင့် တိုးတက်မှုများကို အကောင်းဆုံးဖန်တီးပေးမည်ဖြစ်ကြောင်း နည်းပြချုပ် ကောလင်းဘဲလ်က ပြောကြားသည်။

ကောလင်းဘဲလ်သည် ၂၀၁၅ ခုနှစ်တွင် 1.FFC Frankfurt အသင်းနှင့်အတူ UEFA အမျိုးသမီး ချန်ပီယံလိဂ်ဖလား၊ တောင်ကိုရီးယားအမျိုးသမီးအသင်းကို ၂၀၂၂ AFC အာရှဖလား ဒုတိယဆု နှင့် ၂၀၂၃ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်အောင် ဦးဆောင်ပေးနိုင်ခဲ့သည့် အတွေ့အကြုံရင့် နည်းပြတစ်ဦးဖြစ်သည်။

နေမျိုး၊ ဓာတ်ပုံ-MFF

No comments:

Post a Comment