Sunday, August 16, 2026

စက်ရုံ၊ အလုပ်ရုံများတွင် လုပ်သားအင်အားလျှော့ချခြင်း၊ ပိတ်သိမ်းရခြင်းများရှိပါက အလုပ်ရှင်နှင့် အလုပ်သမားများ၏ အကျိုးစီးပွားများ နစ်နာမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားပိုင်း ထိခိုက်နိုင်


 

ရန်ကုန် ဩဂုတ် ၁၅

စက်ရုံ၊ အလုပ်ရုံများတွင် လုပ်သားအင်အား လျှော့ချခြင်း၊ ပိတ်သိမ်းရခြင်းများရှိပါက အလုပ်ရှင် နှင့် အလုပ်သမားများ၏ အကျိုးစီးပွားများ နစ်နာမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားပိုင်း ထိခိုက်နိုင်ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထပ်ဆင့်အားနည်းစေနိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ယနေ့ပြောကြားသည်။

ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ကနောင်ခန်းမ၌ ကျင်းပသည့် လုပ်ငန်းခွင်အေးချမ်းသာယာရေးအတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်နှင့်ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အလုပ်ရှင်၊ အလုပ်သမားများ လုပ်ငန်းခွင်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေးအတွက် မည်သည့်ကိစ္စမဆို အပြုသဘောဆောင်၍ ဥပဒေနှင့်အညီ စက်ရုံအတွင်း ငြိမ်းချမ်းစွာညှိနှိုင်းဖြေရှင်း ဆောင်ရွက်ကြရန် မှာကြားသည်။

အဆိုပါအစည်းအဝေးကို လုပ်ငန်းခွင်အေးချမ်းသာယာရေးအတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်နှင့်ပတ်သက်၍ အစိုးရမှ ဆောင်ရွက်ပေးနေမှု၊ အလုပ်ရှင်များမှ လိုက်နာ ဆောင်ရွက်မှု၊ အလုပ်သမားများမှ လိုက်နာဆောင်ရွက်မှုနှင့် ခေတ်စနစ်နှင့်အညီ ပြုပြင်ဆောင် ရွက်သင့်သောအကြောင်းအရာများ၊ လုပ်ငန်းခွင်များတွင် ကြုံတွေ့နေရသောအခက်အခဲများကို ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းခွင်အေးချမ်းသာယာရေးအတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အလုပ်ရှင်၊ အလုပ်သမား၊ စက်မှုဇုန်များမှ ကိုယ်စားလှယ်များက အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ကို လိုက်နာဆောင်ရွက်မှုအခြေအနေနှင့် စာချုပ် ချုပ်ဆိုရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ စာချုပ်ပါလုပ်ငန်းခွင်စည်းကမ်းချက်များ၊ အလုပ် သမားရေးရာဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းကြ သည်။

အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် သာဓုကန်စက်မှုဇုန် K Seng Apparel (Myanmar) Co.,Ltd. အထည်ချုပ်စက်ရုံရှိ အာမခံအလုပ်သမား ၁၀၀၈ ဦးတို့အား လူမှုဖူလုံရေးအဖွဲ့ပိုင် ရွေ့လျားဆေးကုသယာဉ်ဖြင့် လိုအပ်သည့် စစ်ဆေးကုသပေးမှုများ၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ၊ ECG စက်ဖြင့် နှလုံးစစ်ဆေးခြင်းနှင့် မျက်စိစစ်ဆေးမှုများ ဆောင်ရွက်ပေးနေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးသည်။

ထို့အတူ စက်ရုံတာဝန်ရှိသူများ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင် များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ (OSH) ကော်မတီဝင်များ၊ အလုပ် သမားများနှင့်တွေ့ဆုံပြီး အလုပ်သမားရေးရာကိစ္စရပ်များ၊ ဥပဒေပါရပိုင်ခွင့်များ ရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံကြီးများ၊ ဆေးခန်း များနှင့် စာချုပ်ဆေးခန်းများတွင် အာမခံအလုပ်သမားများအား ဆေးကုသစောင့်ရှောက်မှု ဆောင်ရွက် ပေးနေသည့်အပြင် လူမှုဖူလုံရေးအဖွဲ့ပိုင် ရွေ့လျားဆေးကုသယာဉ်များဖြင့် ရုံးဌာနများ၊ စက်ရုံများသို့ သွားရောက်၍ အာမခံအလုပ်သမားများကို ဆေးကုသစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment