မန္တလေး ဩဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တလင်းကြီးကျေးရွာအုပ်စု ဝဲကြီးဆင်ရွာကျေးရွာ ယာယီရေဘေးရှောင်စခန်းရှိ ရေဘေးသင့်အိမ်ထောင်စု ၂၉၅ စု၊ လူဦးရေ ၉၅၀ အတွက် ငွေကျပ် ၇၈ သိန်းတန်ဖိုးရှိ တစ်ပတ်စာဆန်ရိက္ခာဖိုးငွေ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာနှင့် ကြက်ဥတို့ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ယာယီရေဘေးရှောင်စခန်းရှိ ရေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ တွေ့ဆုံအားပေးစကားပြောကြားသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုများကြောင့် သဘာဝဘေးအန္တရာယ်များ ပိုမိုဖြစ်ပွားလျက်ရှိပြီး သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်မှုလျော့နည်းစေရေး အဓိကဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခုရေဘေးသင့်ဒေသတွင် နှစ်စဉ်ရေလွှမ်းမိုးလေ့ရှိသည့်အတွက် ဒေသနေပြည်သူများအနေဖြင့် အတွေ့အကြုံ အထိုက်အလျောက်ရှိပြီး ကြိုတင်ပြင်ဆင်မှုအသင့်ရှိသောကြောင့် အသက်ဆုံးရှုံးမှုမရှိခြင်းဖြစ်ကြောင်း၊ သို့သော် ယခင်နှစ်များကထက် ရေလွှမ်းမိုးမှုပမာဏ ပိုမိုနေသည့်အတွက် စခန်းများတွင်နေထိုင်သည့်ကာလ အနည်းငယ်ကြာမြင့်နိုင်ပါကြောင်း၊ ရေကြီးရေလျှံမှုနှင့် ဆက်စပ်ကြုံတွေ့ရလေ့ရှိသော ဝမ်းပျက်ဝမ်းလျှောအပါအဝင် အခြားသော ရောဂါအန္တရာယ်များ မဖြစ်စေရေး အထူးသတိပြုဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်

No comments:
Post a Comment