နေပြည်တော် ဩဂုတ် ၁၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Mr. Nguyen Anh Duc နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည်နှင့်အညီ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများအား ဆက်လက်လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ထို့ပြင် မြန်မာ - ဗီယက်နမ် နှစ်နိုင်ငံအကြား ပြည်ဝင်ဗီဇာနှင့် နေခွင့်ဆိုင်ရာကိစ္စရပ်များ အပြန်အလှန်ခွင့်ပြုဆောင်ရွက်ပေးမှု၊ ကူညီကယ်တင်ပေးရန်ညှိနှိုင်းထားသည့် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ပြီး ဖော်ထုတ်ဖမ်းဆီးရမိသည့် ဗီယက်နမ်နိုင်ငံသားများအား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအရအရေးမယူဘဲ ပြည်နှင်လွှဲပြောင်းပေးမှုနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုဖြစ်စဉ်များတွင် အရေးယူခံရ၍ ပြစ်ဒဏ်ကျခံနေသည့် ဗီယက်နမ်နိုင်ငံသားများအခြေအနေ၊ ဗီယက်နမ်နိုင်ငံသားများ မြန်မာနိုင်ငံသို့ တရားဝင်လာရောက်နိုင်ရေးနှင့် တရားမဝင် ဝင်ရောက်မှုမရှိစေရေး အသိပေးပြောကြားထားရန်လိုအပ်မှုတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment