နေပြည်တော် ဩဂုတ် ၁၃
ဇလွန်မြို့နယ်ရှိ ဧရာဝတီ-ဟင်္သာတ တာကြံ့ခိုင်ရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ရန်၊ အလှည့်ကျကင်းလှည့် စောင့်ကြည့်မည့်အဖွဲ့များဖြင့် မပြတ်စောင့်ကြည့်သွားကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ယမန်နေ့က အဆိုပါတာအား သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့သည်။
ဧရာဝတီ-ဟင်္သာတ တာ တာမိုင် (၃၀/၀) မှ (၃၀/၃) နေရာနှင့် တာမိုင် (၃၂/၀) မှ တာမိုင် (၃၂/၃) နေရာတို့ကို ရေခွေပြုလုပ်၍ သဲအိတ်ချကာကွယ်မှုများ ဆောင်ရွက်ထားကြောင်း သိရသည်။
ထို့ပြင် ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စု ဖောင်ဆိပ်ကျေးရွာအနီး ဟင်္သာတကမ်းနားတာ တာမိုင် (၅/၄) ရှိ ရေကင်းစခန်းအမှတ် (၉) အားလည်းကောင်း၊ တာမိုင် (၅/၃) ရှိ တာတမံနှင့် မြစ်ကမ်းအခြေအနေကိုလည်းကောင်း၊ ဖြတ်တာ (၁-င) တာနှင့် မဲဇလီညွှန့်ဖြတ်တာတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာတမံထိခိုက်စေနိုင်သည့် အချက်များတွေ့ရှိပါက ကာကွယ်ရန်နည်းလမ်းများ၊ သတိပြုရမည့်အချက်များ၊ အချိန်မီကာကွယ်နိုင်ရေးလုပ်ငန်းစဉ်များ၊ ဆောင်ရွက်ရန်လိုအပ်ချက်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းပြီး စဉ်ဆက်မပြတ်ရေကင်းလှည့်ကြရန်၊ စုဆောင်းထားရှိသည့် အရေးပေါ်ပစ္စည်းများကို လိုအပ်သည့်နေရာများသို့ အမြန်ဆုံးသယ်ယူပို့ဆောင်နိုင်ရေးနှင့် ထပ်မံလိုအပ်ပါက ရေလမ်း၊ ကုန်းလမ်းမှ ဖြည့်စွက်ထားရှိနိုင်ရေး ကြိုတင်စီစဉ်ထားရန် အသေးစိတ်ဆွေးနွေး မှာကြားသည်။
ဩဂုတ် ၁၀ ရက် ညနေပိုင်းက လေးမျက်နှာမြို့နယ် သခွတ်ချောင်းကျေးရွာ ရေကင်းစခန်း အမှတ် (၂) အနီး တာမိုင် ၂၆/၃ မှ ၂၆/၄ အတွင်း၊ အုတ်အိုင်ကျေးရွာအနီး တာမိုင် ၂၇/၀ မှ ၂၇/၁ အတွင်း၊ အိုင်သပြုကျေးရွာအနီး တာမိုင် ၃၁/၂ မှ ၃၁/၃ အတွင်းရှိ ငဝန်ရေကာတာ၏ ကြံ့ခိုင်မှု၊ ငဝန်မြစ်ကြောင်းတစ်လျှောက် သဲသောင်ဖြစ်ပေါ်နေမှု၊ ကမ်းပြိုကမ်းစားဖြစ်ပေါ်နေမှု၊ အိုင်သပြုကျေးရွာအနီး Geotextile အစ များဖြင့် ကမ်းပြိုကမ်းစားကာကွယ်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့်နေရာများတွင် ကမ်းပြိုကမ်းစားလျော့နည်းရေးနှင့် ရေကာတာများရေတိုက်စားမှု သက်သာစေရေးအတွက် ရေလမ်းကြောင်းပြန်တည့်ခြင်းနှင့် သဲသောင်တူးဖော်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန် နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment