Tuesday, August 11, 2026

မတ္တရာမြို့နယ်အတွင်း ရေဝင်ရောက်ခဲ့သည့် ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ သောက်ရေသန့်၊ စားသောက်ကုန်၊ ဆေးဝါးများနှင့် ထောက်ပံ့ငွေများ ပေးအပ်



မန္တလေး ဩဂုတ် ၁၀

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး ဆည်တော်ကြီး ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုများပြားခဲ့သည့်အတွက် ဆည်တော်ကြီးရေလှောင်တမံ ဘေးကင်းလုံခြုံမှုရှိစေရန် ပိုလျှံရေများကို ထိန်းညှိလျှော့ချခဲ့ရာ အောင်မြေသာစံခရိုင် မတ္တရာမြို့နယ်အတွင်း ကျောက်စရစ်ကုန်း (တောင်) ကျေးရွာအုပ်စု (မန္တလေး-မိုးကုတ်လမ်း) ပေါ်တွင် ရေကျော်ခြင်း၊ ကျောက်စရစ်ကုန်း (တောင်) ကျေးရွာများတွင် ရေဝင်ရောက်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ ရေဝင်ရောက်ခဲ့သည့် ကျောက်စရစ်ကုန်း (တောင်) ကျေးရွာအုပ်စု ဇီးဖြူပင်ကုန်းကျေးရွာတွင် ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပြီး နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံပြည်သူများ စုပေါင်းကာ ရေဘေးသင့်ပြည်သူများအား ရှာဖွေကူညီရွှေ့ပြောင်းခြင်းကို အင်တိုက်အားတိုက်ကြိုးစားဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ပြည်သူများကို ယနေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုအားပေး သည်။

ထိုသို့သွားရောက်စဉ် ကယ်ဆယ်ရေးစခန်း၌ နေထိုင်စဉ်ကာလအတွင်း အဆင်ပြေစေရေးအတွက် ဆန်၊ ဆီ၊ သောက်ရေသန့်၊ စားသောက်ကုန်နှင့် ဆေးဝါးများ လာရောက်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ရေဘေးသင့်ပြည်သူများ လိုအပ်သော အသုံးအဆောင်ပစ္စည်းများကိုလည်း ထောက်ပံ့ပေးလျက် ရှိကြောင်း၊ ရေလွှမ်းခဲ့မှုကြောင့် ကျေးရွာအုပ်စု ၁၃ အုပ်စုမှ စိုက်ပျိုးပြီးစီးခဲ့သည့် မိုးစပါး ၁၉၀၈ဧက၊ အစေ့ထုတ်ပြောင်း ငါးဧက၊ နေကြာ ၁၅ ဧကနှင့် ကွမ်းရွက်ခြံ ဧက ၁၂၀ ထိခိုက်ပျက်စီးခဲ့မှုအပေါ် စနစ် တကျစိစစ်၍ ပြန်လည်စိုက်ပျိုးနိုင်ရေး လိုအပ်သည့် စက်ကိရိယာများ၊ နည်းပညာများ၊ သွင်းအားစုများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်၏ နောက်ဆက်တွဲပါရှိလာတတ်သည့် ကျန်းမာရေးပြဿနာများကို အားလုံးအထူးသတိပြု ရှောင်ရှားနေထိုင်သွားကြရန် အရေးကြီးကြောင်းနှင့် ရေများပြန်လည်ကျဆင်းသွားပါက နေရပ်များတွင် ပြန်လည်နေထိုင်နိုင်ရန် သက်ဆိုင်ရာဌာနများက စီမံဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရေဘေးသင့် အိမ်ခြေ ၈၅ လုံးမှ အိမ်ထောင်စု ၈၅ စု၊ လူဦးရေ ၂၈၅ ဦးအတွက် ဆန်၊ ဆီ၊ သောက်ရေသန့်၊ စားသောက်ကုန်၊ ဆေးဝါးများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြသည်။

ထို့ပြင် ရေဝင်ရောက်ခဲ့သည့် ကျေးရွာများအတွင်း ရေများပြန်လည်ကျဆင်းနေမှုအခြေအနေ၊ ရေကျော်ခဲ့သည့် ကျောက်စရစ်ကုန်း (တောင်) ကျေးရွာ (မန္တလေး - မိုးကုတ်) ကားလမ်းပေါ်တွင် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ အဆင်ပြေချောမွေ့စွာ၊ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းသွားလာနိုင်ရေး နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း ဆောင်ရွက်ပေးနေမှု၊ ချောင်းမကြီးချောင်းကိုဖြတ်၍ တည်ဆောက်ထားသည့် တံငါတံတားကြံ့ခိုင်ရေး အတွက် ဆောင်ရွက်နေမှု၊ ချောင်းမကြီးချောင်းအနီး ဝန်းကျင် ရေဝင်ရောက်ခဲ့မှုတို့ကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment