Sunday, August 23, 2026

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဘယ်လာရုစ်သမ္မတနိုင်ငံ စွမ်းအင်ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး

 



နေပြည်တော် ဩဂုတ် ၂၂

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်တွင် လိုက်ပါလာသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ယမန်နေ့ညနေပိုင်းက ဘယ်လာရုစ်သမ္မတနိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. Moroz Denis နှင့် မင့်စ်မြို့ရှိ စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံစဉ် ဓာတ်မြေဩဇာစက်ရုံများအပါအဝင် Petro-chemical Plant များ တည်ဆောက်ရန်အတွက် နည်းပညာနှင့် အရင်းအနှီးများထည့်ဝင်၍ ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝဓာတ်ငွေ့ဖြန့်ဖြူးမှု ပိုက်လိုင်းကွန်ရက်အား အဆင့်မြှင့်တင်ခြင်းဖြင့် သဘာဝဓာတ်ငွေ့ဆုံးရှုံးမှုများ လျော့နည်းပပျောက်စေရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် ပို့လွှတ်မှုတို့တွင် စနစ်တကျထိန်းချုပ်ကွပ်ကဲနိုင်သည့် Smart Power Generation နှင့် Smart Grid တို့ ဖွံ့ဖြိုးလာစေရေးအတွက် နည်းပညာများ အကူအညီပေးရေး၊ မဟာဓာတ်အားလိုင်းများတွင် အသုံးပြုသည့် Cable များနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍနှစ်ရပ်လုံးအတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးလာရေးအတွက် သင်တန်းကျောင်းများ၊ တက္ကသိုလ်များတွင် လေ့ကျင့်သင်ကြားပေးရေးအပါအဝင် နှစ်နိုင်ငံစွမ်းအင်လုံခြုံရေးကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်သွားရန်အတွက် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဘယ်လာရုစ်သမ္မတနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနဝန်ကြီးနှင့်အတူ ဒုတိယအထွေထွေညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment