Wednesday, August 12, 2026

ဧရာဝတီ-မြစ်ဆုံမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာအချက်အလက်များ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

 


မြစ်ကြီးနား သြဂုတ် ၁၁

ဧရာဝတီ-မြစ်ဆုံမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ အင်ဂျင်နီယာနည်းပညာဆိုင်ရာ တွေ့ရှိချက်များ၏ အားသာချက်များ၊ ပြည်သူလူထု တွေ့ဆုံဆွေးနွေးပွဲများအပေါ် ပြည်သူများ၏ မေးမြန်းဆွေးနွေးမှုအများဆုံးနှင့် စိုးရိမ်ပူပန်သည့်အချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့မှု၊ လျှပ်စစ်ရရှိမှုနှင့် စီးပွားရေး၊ လူမှုရေးအခွင့်အလမ်းဆိုင်ရာ တိုးတက်လာမှုအပေါ် တွေ့ရှိချက်များ၊ တရုတ်နိုင်ငံ၏နည်းပညာနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ ဒေသခံကော်မတီအဖွဲ့ဝင်များ၏ ရှင်းလင်းဆွေးနွေးမှုအပေါ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းကြရာ ဒေသခံကော်မတီအဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။

ဧရာဝတီ-မြစ်ဆုံမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား ဒေသခံကော်မတီအဖွဲ့ဝင်များက ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်လွှတ်တော်ရုံး၌ ကျင်းပရာ ထိုသို့ဆွေးနွေးပြောကြားခဲ့ကြခြင်းဖြစ်သည်။

ထို့ပြင် ပြည်နယ်ဒေသခံကော်မတီအဖွဲ့ခေါင်းဆောင်နှင့် ဒေသခံကော်မတီအဖွဲ့ဝင် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ဒေသခံကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဧရာဝတီ-မြစ်ဆုံမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အချက်အလက်များ၊မြေငလျင်ကြီးများအကြောင်း၊ မြန်မာနိုင်ငံနှင့် ဘူမိဗေဒဆိုင်ရာ တွေ့ရှိချက်တို့ကို ဆွေးနွေးသည်။

အဆိုပါအခမ်းအနားသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ တက်ရောက်ကြသည်။

ယမန်နေ့မွန်းလွဲပိုင်းက ကချင်ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားမျိုးနွယ်စုများဖြစ်သည့် ကချင်ခြောက်မျိုး၊ ရှမ်းငါးမျိုးအပြင် ကျန်တိုင်းရင်းသားမျိုးနွယ်စုများဖြစ်သည့် ဗမာ၊ ရခိုင်၊ ချင်း၊ ကရင်၊ နာဂစသည့် တိုင်းရင်းသားမျိုးနွယ်စုများအားလုံးပါဝင်စေသည့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ပြည်နယ်ဘောလုံးကွင်း၌ ကျင်းပသည်။ ဗိုလ်လုပွဲစဉ်အဖြစ် ဂျိမ်းဖောအသင်းနှင့် တိုင်းလေအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြရာ ဂျိမ်းဖောအသင်းက လေးဂိုး - ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီပေးကြသည့် ဒိုင်အဖွဲ့နှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများပေးအပ်ပြီး ဆုရရှိသည့်အသင်းများကို တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment