ရန်ကုန် ဩဂုတ် ၁၁
(၃၉) ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ နောက်ဆုံးနေ့ကို သြဂုတ် ၁၁ ရက်တွင် ထိုင်းနိုင်ငံ၌ ဆက်လက်ကျင်းပပြီး မြန်မာပိုက်ကျော်ခြင်းအသင်းက ပြိုင်ပွဲအပြီးတွင် ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် သုံးခု ဆွတ်ခူးရရှိခဲ့သည်။
မြန်မာပိုက်ကျော်ခြင်းအသင်းသည်
ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား ခြောက်မျိုး ဝင်ရောက်ယှဉ်ပြိုင်ရာ လေးမျိုးတွင်
ဆုတံဆိပ်ရရှိပြီး နှစ်မျိုးတွင် ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။ မြန်မာပိုက်ကျော်ခြင်းအသင်းသည်
အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပြီး ဗိုလ်လုပွဲတွင်
နာမည်ကြီးအသင်းဖြစ်သော အိမ်ရှင်ထိုင်းအသင်းကို ထိုက်ထိုက်တန်တန်အနိုင်ယူကာ ရယူခဲ့ခြင်းဖြစ်သည်။
ငွေတံဆိပ်ဆုများကို ကွင်းသွင်းခြင်းခတ် အမျိုးသားပြိုင်ပွဲတွင် တစ်ခု၊ အမျိုးသမီးပြိုင်ပွဲတွင်
တစ်ခု၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် တစ်ခု ရရှိခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲနှင့်
အမျိုးသားသုံးယောက်တွဲအသင်းလိုက်ပြိုင်ပွဲတွင် ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။
ထိုင်းဘုရင့်ဖလား
ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အောင်မြင်မှုရခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအသင်းတွင်
အဖွဲ့ခေါင်းဆောင် ဦးသန်းလွင်၊ နည်းပြ (အမျိုးသားအသင်း) - ဦးကျော်မင်းစိုး၊ ဦးထက်ဇော်၊
နည်းပြ (အမျိုးသမီးအသင်း) - ဦးအောင်ချိုမြင့်၊ ဒေါ်နမ့်ယဉ်ယဉ်မြင့်၊ ကစားသမားများအဖြစ်
အမျိုးသား-ထူးအောင်ကျော်၊ ဟန်ဝင်းထွဋ်၊ ထွန်းဝဏ္ဏအောင်၊ အောင်ဇော်ဟိန်း၊ ရဲထက်၊ ချစ်လွန်းပို၊
အောင်မျိုးကျော်၊ ကျော်မင်းသူ၊ ဇော်မင်းခန့်၊ အောင်အောင်၊ ရန်ပိုင်စိုး၊ သက်ပိုင်စိုး၊
ဇင်လင်းထူး၊ အမျိုးသမီး-ချယ်ရီလင်းသစ်၊ ယဉ်ယဉ်ဌေး၊ စန်းသီတာမိုး၊ ဖူးဖူး၊ ဆုမွန်ကျော်၊
နှင်းနှင်းဝေ၊ နန့်မေသူထွေး၊ ရွှန်းလဲ့ဇင်တို့ပါဝင်ကြသည်။
ရှိုင်းထက်ဇော်
No comments:
Post a Comment