Thursday, August 20, 2026

လယ်ဝေးမူလတန်းကြိုကျောင်း၌ အိန္ဒိယနိုင်ငံအစိုးရ၏ ထောက်ပံ့ငွေကျပ် ၁၀၉၁ ဒသမ ၄၇၅ သန်းဖြင့် နှစ်ထပ်အဆောက်အအုံ နှစ်လုံး ဆောက်လုပ်မည်

 

နေပြည်တော် ဩဂုတ် ၁၉

လယ်ဝေးမူလတန်းကြိုကျောင်း ဆောက်လုပ်ခြင်းစီမံကိန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံအစိုးရ၏ ထောက်ပံ့ငွေကျပ် ၁၀၉၁ ဒသမ ၄၇၅ သန်းဖြင့် ပေ (၉၀ x ၃၀ x ၂၄) Steel Stru-cture နှစ်ထပ် အဆောက်အအုံနှစ်လုံး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယ-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ လယ်ဝေးမူလတန်းကြိုကျောင်း ဆောက်လုပ်ပေးခြင်းအတွက် အိန္ဒိယနိုင်ငံအစိုးရနှင့် ပြည်သူများအားလုံးအား ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ဆုတောင်းမေတ္တာပို့သပါကြောင်း ယနေ့နံနက်ပိုင်းက အိန္ဒိယ-မြန်မာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ အသေးစားဖွံ့ဖြိုးမှုစီမံကိန်းများ အကောင်အထည်ဖော်ရေးအတွက် အိန္ဒိယနိုင်ငံ၏ အကူအညီပေးရေးဆိုင်ရာ နားလည်မှုစာချွန်လွှာဖြင့် ဆောင်ရွက်မည့် လယ်ဝေးမူလတန်းကြိုကျောင်း ဆောက်လုပ်ရေးစီမံကိန်း ပန္နက်ရိုက်အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက စီမံကိန်းဆိုင်ရာ အကူအညီပေးရေးအစီအစဉ်များအား ရှင်းလင်းပြောကြားပြီး ကလေးငယ်များ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက လယ်ဝေးမူလတန်းကြိုကျောင်း ဆောက်လုပ်မည့်မြေနေရာတွင် ပန္နက်ရိုက်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment