Thursday, August 13, 2026

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်နေ့ ဒုတိယပိုင်းအစီအစဉ်အဖြစ် “လူငယ်ကဏ္ဍအားပေးမြှင့်တင်လို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ကြပါစို့” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကျင်းပ

 



နေပြည်တော် ဩဂုတ် ၁၂

ကမ္ဘာတစ်ဝန်းလုံးတွင်ရှိနေသည့် လူငယ်များ၏ ဆောင်ရွက်နိုင်စွမ်းများ၊ အရည်အသွေးများနှင့် အလားအလာကောင်းများကို အားပေးအသိအမှတ်ပြုပြီး လူငယ်များ၏ မတူကွဲပြားသော ရည်မှန်းချက်များကို အကောင်အထည်ဖော်ပေးနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်နေ့ ဒုတိယပိုင်းအစီအစဉ်ကို “လူငယ်ကဏ္ဍအားပေးမြှင့်တင်လို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ကြပါစို့” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် MICC-1 ၌ ဆက်လက်ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက မြန်မာနိုင်ငံအနေဖြင့် အနာဂတ်ကို အကောင်းဆုံးပုံဖော်ဖန်တီးနိုင်မည့် လူ့စွမ်းအားအရင်းအမြစ်အများအပြားကို ပိုင်ဆိုင်ထားခြင်းသည် ဆုလာဘ်တစ်ခုအဖြစ် ဝမ်းမြောက်စွာတွေ့ရှိရကြောင်း၊ လူငယ်ဆိုသည်မှာ အသက်အရွယ်ငယ်ရွယ်နုပျိုမှုတစ်ခုကိုသာ ဆိုလိုသည်မဟုတ်ဘဲ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရဲသည့် ဉာဏ်ပညာအမြော်အမြင်နှင့် ပြည့်စုံမှု၊ လောကကြီးကို ပိုမိုကောင်းမွန်အောင် ဆန်းသစ်သည့်အနေဖြင့် ပြောင်းလဲချင်သော စွန့်စားလိုသည့် စိတ်ဓာတ်၊ မဆုတ်မနစ်သည့် ဇွဲ၊ လုံ့လဖြင့် ကြိုးစားအားထုတ်မှုများစွာနှင့် အနာဂတ်၏ ခေါင်းဆောင်လောင်းများဖြစ်ကြောင်း၊ ယခုခေတ်လူငယ်များသည် လက်ရှိပစ္စုပ္ပန်ကာလတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုမျိုးစုံကို ကြောက်ရွံ့မှုအလျှင်းမရှိ၊ စိန်ခေါ်မှု၊ အခက်အခဲများကို ဖန်တီးမှုအခွင့်အလမ်းအမြင်ဖြင့် ပြောင်းလဲရင်ဆိုင်ကျော်လွှားပြီး လူ့အဖွဲ့အစည်းဖွံ့ဖြိုးမှုများကို ဖော်ဆောင်နေသူများဖြစ်ကြောင်း၊ “စွမ်းရည်ပြည့်ဝသောလူငယ်၊ အားကောင်းသောနိုင်ငံ၊ မျှဝေပိုင်ဆိုင်သော အနာဂတ်” (Empowered Youth, Strong Nation, Share Future) အဖြစ် ပေါ်ထွန်းလာစေရန်အတွက် လူငယ်မောင်မယ်တို့၏ အိပ်မက်များ၊ မျှော်မှန်းချက်များ၊ ဆန်းသစ်သည့် အတွေးအခေါ်များ၊ စိန်ခေါ်မှုများကို ဖန်တီးမှုများနှင့် အခွင့်အရေးအမြင်အဖြစ် ရဲရဲဝံ့ဝံ့ဆက်လက်အကောင်အထည်ဖော်နိုင်ကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ “လူငယ်ကဏ္ဍအားပေးမြှင့်တင်လို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ကြပါစို့” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ကျင်းပရာ Naypyitaw State Academy မှ မောင်ထွဋ်မြတ်တင်ရွှေက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ လူငယ်ငါးဦး ပါဝင်ဆွေးနွေးကြရာ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် လူငယ်များ၊ စာစီစာကုံးဆုရ ကျောင်းသား ကျောင်းသူများနှင့် လူငယ်ဂုဏ်ပြုတေးသီချင်းဖြင့် ဖျော်ဖြေခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြသည်။

လူငယ်စကားဝိုင်းသို့ ဒုတိယဝန်ကြီး ဦးစစ်နိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးရာဝန်ကြီးများ၊ အလွှာပေါင်းစုံမှ လူငယ်ကိုယ်စားလှယ်များ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းအသီးသီးမှ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်

No comments:

Post a Comment