Thursday, August 27, 2026

ရေခြား မြေခြားမှ နိုင်ငံသားတို့အကျိုး

 



မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံနယ်နိမိတ်ထိစပ်မှုမှာ ၂၄၁၆ ကီလိုမီတာ၊ မိုင်အားဖြင့် ၁၅၀၁ မိုင် ရှည်လျားသည်။ အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများအနက် ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ဒုတိယအကြီးမားဆုံးဖြစ်ရာ မြန်မာမှထိုင်းသို့ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် တရားဝင်ရော တရားမဝင်အဖြစ်နှင့်ပါ သွားရောက်အလုပ်လုပ်ကိုင်နေကြသူများမှာ သန်းနှင့်ချီ၍ ရှိနေသည်။

ထိုင်းရောက်မြန်မာများဟုဆိုရာတွင် မူလမြန်မာနိုင်ငံသား လူမျိုးပေါင်းစုံတို့ပါဝင်သည်။ ၎င်းတို့မှာ ထိုင်းသို့နည်းလမ်းအမျိုးမျိုးဖြင့် ရောက်ရှိသွားကြခြင်းဖြစ်ပြီး အဓိကအားဖြင့် တရားဝင်နည်းလမ်းနှင့် တရားမဝင်နည်းလမ်းဟူ၍ နှစ်မျိုးတည်းသာဖြစ်သည်။ ထိုင်းနိုင်ငံသို့ အောက်လမ်းဟုခေါ်သည့် တရားမဝင်နည်းလမ်းဖြင့် လူမှောင်ခိုပွဲစားကို အဖိုးအခကြေးငွေပေး၍ သွားရောက်ကြသူများမှာ လိမ်လည်ခံရခြင်း၊ ပွဲစားကတောလမ်းတွင် စွန့်ပစ်ထားခဲ့ခြင်း၊ ထိုင်းသို့ရောက်သည့်အခါတွင်လည်း တရားမဝင်နည်းလမ်းဖြင့် ရောက်ရှိသွားကြခြင်းဖြစ်၍ ဥပဒေ၏အကာအကွယ်မရခြင်း၊ အချို့အနိုင်ကျင့်ခံရခြင်း၊ လုပ်ခလစာ အပြည့်အဝမရခြင်း၊ အချို့ညှဉ်းပန်းသတ်ဖြတ်ခံရခြင်းတို့အထိ ကြုံတွေ့ကြရကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် မကြာခဏတွေ့ရှိရသည်။

အထက်တွင်ဆိုခဲ့သည့်အတိုင်း ထိုင်းနိုင်ငံအတွင်းသို့ တရားဝင်နှင့် တရားမဝင်လမ်းကြောင်းများမှ ရောက်ရှိနေထိုင်ကြသူ မြန်မာနိုင်ငံသားစုစုပေါင်း ၄ သန်းခန့်ရှိသည်ဟု ခန့်မှန်းလေ့ရှိကြသည်။ ထိုင်းတွင်ရောက်ရှိနေထိုင်ကြသူ မြန်မာနိုင်ငံသားများက ၎င်းတို့အလုပ်လုပ်၍ ရရှိသည့်၀င်ငွေမှ နှစ်စဉ်ဘတ်ငွေ ၂၂၁ ဘီလီယံအထိ ပြန်လည်သုံးစွဲကြရာ အဓိကစားသုံးသူ ဈေးကွက်တစ်ခုဖြစ်လာနေသည်ဟုလည်း သိရှိရသည်။ ထို့အပြင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြသူများတွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွှယ်နေသူများ၊ ၎င်းတို့၏မိသားစုများ၊ ၎င်းတို့အား ထောက်ပံ့ပေးနေသူများစသည့် မြန်မာနိုင်ငံအပေါ် ဆန့်ကျင်နေကြသူများလည်း အများအပြားရှိနေကြသည်။

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို သြဂုတ် ၂၅ ရက်က ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တက်ရောက်အမှာစကားပြောကြားရာတွင် ‘‘ထိုင်းနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံမှုများ ပိုမိုတိုးတက်ခိုင်မာလာစေရေးနှင့် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုများ၊ နယ်စပ်ဒေသလုံခြုံတည်ငြိမ်အေးချမ်းရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ၊ ရွှေ့ပြောင်းလုပ်သားများနှင့်ပတ်သက်၍လည်း ၎င်းတို့သည် မြန်မာနိုင်ငံသားများပင်ဖြစ်သည့်အတွက် ၎င်းတို့ဘေးကင်းလုံခြုံရေးနှင့် အလုပ်သမားအခွင့်အရေးများ အပြည့်အဝရရှိစေရေး၊ နှစ်နိုင်ငံဥပဒေများနှင့်အညီ အကာအကွယ်ပေးနိုင်ရေး ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌတို့နှင့် တွေ့ဆုံစဉ် အလေးအနက်ထား ထည့်သွင်းဆွေးနွေးနိုင်ခဲ့ကြောင်း’’ ထည့်သွင်းပြောကြားခဲ့သည်။

ထိုင်းသည် မြန်မာနိုင်ငံနှင့် နယ်စပ်ထိကပ်နေသည့် နိုင်ငံဖြစ်သည့်အလျောက် အလွယ်ကူဆုံးသွားရောက်၍ရခြင်း၊ အလုပ်ရရှိရန်လွယ်ကူခြင်း၊ လုပ်ခလစာဆွဲဆောင်မှုရှိခြင်း၊ ယဉ်ကျေးမှုနီးစပ်ခြင်း စသည့်အကြောင်းများကြောင့် မြန်မာလူမျိုးများ အများအပြားသွားရောက်ကြရာတွင် အများစုက ပညာရေးနိမ့်ကျကြသလို အလုပ်လုပ်ရာတွင်လည်း အဆင့်နိမ့်အလုပ်များကို လုပ်ကိုင်ကြရခြင်းဖြစ်သည်။ တရားမဝင်လမ်းကြောင်းများမှ သွားရောက်ကြသူများမှာ စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာမရှိခြင်း အားနည်းချက်ကြောင့် အနိုင်ကျင့်မှုအမျိုးမျိုးနှင့် ရင်ဆိုင်ကြရသည့်အနက် မိမိနိုင်ငံသားချင်းချင်း အနိုင်ကျင့်မှုများလည်းပါဝင်သည်။

မည်သို့ပင်ဖြစ်စေ နှစ်နိုင်ငံအကြီးအကဲများ နိုင်ငံအဆင့်တရားဝင် တွေ့ဆုံဆွေးနွေးမှုတွင် မိမိနိုင်ငံမှ နိုင်ငံသူနိုင်ငံသားများ အကျိုးစီးပွားအတွက် အလေးအနက်ထား၍ ထည့်သွင်းဆွေးနွေးခဲ့ခြင်းက ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများအားလုံးအပေါ် ကောင်းမွန်သည့်အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာစေမည်ဖြစ်သည်။ နိုင်ငံရပ်ခြားတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသည့် မိမိတို့နိုင်ငံသားများအားလုံးအနေဖြင့်လည်း သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေနှင့်အညီ နေထိုင်လုပ်ကိုင်ကြရန်၊ မိမိကြောင့် မိမိနိုင်ငံနှင့် လူမျိုး၏ပုံရိပ်ကို မထိခိုက်စေရန်၊ ရေခြားမြေခြားရောက်ရှိနေသည့် မိမိနိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်ကြရန်နှင့် တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းကြရန်၊ မိမိတို့၏ဘဝမျှော်မှန်းချက်များ ပြည့်ဝအောင်မြင်ရေးအတွက် ရိုးသားကြိုးစား လုပ်ကိုင်ဆောင်ရွက်ကြရန် အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:

Post a Comment