ရန်ကုန် ဩဂုတ် ၁၃
မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံဘောလုံးအသင်းသည် လာမည့်ရာသီသစ်တွင် အသင်း၏ တိုက်စစ်ပိုင်းကို ပိုမိုအားကောင်းလာစေရန်အတွက် ဘရာဇီးနိုင်ငံသား တိုက်စစ်မှူး နက်တိုအား တရားဝင်ခေါ်ယူ စာချုပ်လိုက်ပြီဖြစ်သည်။
အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူး နက်တိုသည် ဘရာဇီးကလပ်အသင်းများဖြစ်ကြသည့် Vitoria၊ Confianca နှင့် Lagarto အသင်းတို့တွင် ကစားခဲ့သူဖြစ်ပြီး Brazil Serie D နှင့် Brazil State Championship ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံရင့် ကစားသမားတစ်ဦးဖြစ်သည်။
ထို့ပြင် ၎င်းသည် ဘရာဇီးပြည်နယ် ချန်ပီယံရှစ်ပြိုင်ပွဲများတွင် Bahia၊ Alagoas နှင့် Paraiba ပြည်နယ်ချန်ပီယံဆုများကို ဆွတ်ခူးနိုင်ခဲ့သည့် ကစားသမားဘဝ အောင်မြင်မှုမှတ်တိုင်များကို စိုက်ထူထား နိုင်သူဖြစ်သည်။ အရပ် ငါးပေ ၁၁ လက်မကျော်ရှိပြီး ညာခြေကို အဓိကအားပြုကစားလေ့ရှိသည့် နက်တိုသည် လာမည့်ရာသီသစ်တွင် ရတနာပုံအသင်း၏ ရှေ့တန်းတိုက်စစ်ပိုင်း၌ အဓိကအရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်သည်။
တိုက်စစ်မှူး နက်တိုသည် လာမည့်ပြိုင်ပွဲရာသီတွင် ရတနာပုံအသင်း၏ ကျောနံပါတ် (၉၀) ဂျာစီကိုဝတ်ဆင်၍ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
နေမျိုး၊ ဓာတ်ပုံ-YDNB

No comments:
Post a Comment