စောအိန္ဒြေ
မျက်မှောက်ခေတ် ကမ္ဘာ့အခြေအနေနှင့် လူမှုပတ်ဝန်းကျင် ပြောင်းလဲမှုများကြား၌ လူငယ်တို့၏ တက်ကြွသောခြေလှမ်းများကိုရပ်တန့်စေရန် ချောင်းမြောင်းနေသည့် အန္တရာယ်ဆိုးတစ်ခု ရှိနေသည်ကို တွေ့ရှိရပါသည်။ ယင်းမှာ လှပသော အနာဂတ်အိပ်မက်များကို ဝါးမျိုဖျက်ဆီးပစ်နိုင်သည့် မူးယစ်ဆေးဝါးပင် ဖြစ်ပါသည်။
ယနေ့ခေတ်ကာလတွင် မူးယစ်ဆေးဝါးသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေပြီး နိုင်ငံတကာတွင် လူသားမျိုးနွယ်စု၏ အနာဂတ်ကို ခြိမ်းခြောက်လျက်ရှိပါသည်။
မူးယစ်ဆေးဝါးဟူသည် သောက်သုံးမိပါက စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများကို ဖြစ်ပေါ်စေပြီး ရေရှည်တွင် စွဲလမ်းမှုကိုဖြစ်စေသည့် ဓာတုပစ္စည်းများ ဖြစ်ပါသည်။ သဘာဝမှရရှိသော ဘိန်း၊ ဆေးခြောက်တို့မှသည် ဓာတ်ခွဲခန်းထုတ် စိတ်ကြွဆေးဝါးများအထိ ပုံစံမျိုးစုံဖြင့် တည်ရှိနေပါသည်။ ထိုပစ္စည်းများက လူ၏ဦးနှောက်အတွင်းရှိ ဆက်သွယ်ရေးစနစ်များကို ကမောက်ကမဖြစ်စေကာ ပုံမှန်တွေးခေါ်နိုင်စွမ်းကို လျော့ကျစေပါသည်။ ထို့ကြောင့် မူးယစ်ဆေးဝါးသည် လူသားတို့၏ အသိဉာဏ်ကို မှေးမှိန်စေသည့် အဓိကအဟန့် အတားတစ်ခုအဖြစ် တည်ရှိနေပါသည်။
လူငယ်များအကြား ပျံ့နှံ့နေသော စိတ်ကြွဆေးဝါးများ၏ အန္တရာယ်
မျက်မှောက်ခေတ်တွင် လူငယ်များအကြား၌ ဓာတုဗေဒနည်းဖြင့် ထုတ်လုပ်ထားသော စိတ်ကြွဆေးပြားများနှင့် အသစ်အဆန်းပုံစံဖော်ထားသည့် မူးယစ်ဆေးဝါးများ ပျံ့နှံ့မှု မြင့်မားနေသည်ကို တွေ့ရပါသည်။ ဤဆေးဝါးများသည် လူငယ်တို့၏ ဦးနှောက်ဖွံ့ဖြိုးမှုကို တိုက်ရိုက်ထိခိုက်စေသည့် ဘေးထွက်ဆိုးကျိုးများရှိနေပါသည်။ အထူးသဖြင့် စိတ်ကြွဆေးများက လူကိုခဏတာတက်ကြွ လန်းဆန်းသည်ဟု ထင်ယောင်ထင်မှားဖြစ်စေ သော်လည်း ရေရှည်တွင် ဦးနှောက်ဆဲလ်များကို ပျက်စီးစေကာ စိတ်ဝေဒနာရှင်များအဖြစ် ပြောင်းလဲသွားစေနိုင်ပါသည်။
လူငယ်လူရွယ်များသည် အရာရာကိုစူးစမ်းလိုပြီး အသစ်အဆန်းများကို စမ်းသပ်လိုသော သဘာဝရှိကြပါသည်။ ဤစူးစမ်းလိုစိတ်သည် အသိပညာဗဟုသုတနည်းပါးမှုနှင့် ပေါင်းစပ်သွားသောအခါ မူးယစ်ဆေးဝါးများ၏ “တစ်ခါတည်းပါပဲ” ဟူသော ဆွဲဆောင်မှုအတွင်းသို့ ရောက်ရှိသွားတတ်ပါသည်။ မသိနားမလည်မှုနှင့် ပေါ့ဆမှုတို့ကြောင့် ဘဝ၏အဖိုးတန်သော အချိန်နာရီများသည် မူးယစ်ဆေးဝါး၏ သားကောင်ဘဝသို့ အလွယ်တကူ ကျရောက်သွားရသည်ကို တွေ့ရှိရပါသည်။
လူငယ်တို့၏ဘဝတွင် အပေါင်းအသင်းသည် အလွန်အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ မှားယွင်းသော အပေါင်းအသင်းနှင့် ပတ်ဝန်းကျင်ကြောင့် မူးယစ်ဆေးဝါးနှင့် ထိတွေ့မိရာမှ ဘဝလမ်းကြောင်း လွဲချော်သွားရသည့် ဖြစ်ရပ်များစွာ ရှိနေပါသည်။ သူငယ်ချင်း အချင်းချင်းလက်ခံမှုရရှိရန် သို့မဟုတ် ဝိုင်းပယ်မခံရရန်အတွက် မူးယစ်ဆေးဝါးကို စမ်းသပ်သုံးစွဲမိခြင်းသည် ဘဝ၏အကြီးမားဆုံး အမှားတစ်ခုဆီသို့ ဦးတည်သွားစေနိုင်သည့် အကြောင်းရင်းဖြစ်ပါသည်။
မူးယစ်ဆေးဝါး၏ သွေးဆောင်မှုနှင့် အတုအယောင် ပျော်ရွှင်မှုများ
မူးယစ်ဆေးဝါးသုံးစွဲသူများသည် ကနဦးတွင် ခဏတာ စိတ်လက်ပေါ့ပါးမှုနှင့် ပျော်ရွှင်မှုအတု အယောင်များကို ခံစားရလေ့ရှိပါသည်။ ဤခံစားချက်သည် နောက်ကွယ်တွင် ကြီးမားသော ဘေးထွက်ဆိုးကျိုးများ ရှိနေသည်ကို သတိမမူမိဘဲ ဆေး၏သားကောင် ဖြစ်သွားကြရပါသည်။ ယင်းသည် ပြဿနာများကိုဖြေရှင်းပေးခြင်းမဟုတ်ဘဲ ပြဿနာသစ်များကိုသာ ထပ်မံဖန်တီးပေးနေသည့် သွေးဆောင်မှုတစ်ခုသာဖြစ်သည်ကို သတိပြုမိရန် လိုအပ်လှပါသည်။
မူးယစ်ဆေးဝါးများက လူ၏ဗဟိုအာရုံကြော စနစ်ကို တိုက်ရိုက်ထိန်းချုပ်ကာ ပုံမှန်တွေးခေါ် နိုင်စွမ်းကို ပျက်ပြားစေပါသည်။ ဓာတုပစ္စည်းများ၏ လွှမ်းမိုးမှုကြောင့် စိတ်ခံစားချက်များ ပုံမှန်မဟုတ်ဘဲ မတည်ငြိမ်မှုများ ဖြစ်ပေါ်လာရပါသည်။ ဤအခြေအနေအတွင်း ရောက်ရှိသွားသူများသည် မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားပြီး စိတ်ရိုင်းများ ဝင်ရောက်လာကာ လူမှုပတ်ဝန်းကျင်က လက်မခံနိုင်သော လုပ်ရပ်များကို ကျူးလွန်လာတတ်ကြပါသည်။
မူးယစ်ဆေးဝါး စွဲလမ်းမှုကြောင့် စိတ်ဓာတ်ကျဆင်းခြင်း၊ စိုးရိမ်သောကများခြင်းနှင့် စိတ်ကယောင် ချောက်ချားဖြစ်ခြင်းများကို ခံစားရလေ့ရှိပါသည်။ ယင်းသည် လူငယ်တစ်ဦး၏ တက်ကြွမှုနှင့် ယုံကြည်မှုများကို အခြေခံမှစ၍ ဖျက်ဆီးပစ်ပါသည်။ အနာဂတ်အတွက် မျှော်လင့်ချက်ကင်းမဲ့လာခြင်းနှင့်အတူ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုများသည် သုံးစွဲသူအား အမှောင်ထုအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဆွဲခေါ်သွားသကဲ့သို့ ရှိနေပါသည်။
ဆေးသုံးစွဲမှုကြောင့် ခန္ဓာကိုယ်၏ကိုယ်ခံအားစနစ် ယုတ်လျော့လာပြီး အသည်းရောင်အသားဝါနှင့် အခြားကူးစက်ရောဂါများ ဝင်ရောက်လာတတ်ပါသည်။ ကျန်းမာသန်စွမ်းသော လူငယ်ဘဝသည် မျက်စိရှေ့မှာပင် တဖြည်းဖြည်းကြွေလွင့်ပျက်စီး သွားရသည်ကို ဝမ်းနည်းဖွယ်တွေ့ရပါသည်။ ကိုယ်ခန္ဓာ ချို့ယွင်းလာခြင်း၊ အစားအသောက် ပျက်ခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးရွားစွာပြောင်းလဲမှုများသည် မူးယစ်ဆေး၏ နောက်ဆက်တွဲရလဒ်များ ပင်ဖြစ်ပါသည်။
ပညာရေးလမ်းကြောင်းပေါ်မှ နုတ်ထွက်သွားရသော ဘဝများ
မူးယစ်ဆေးဝါး သားကောင်ဖြစ်သွားသူများသည် ကျောင်းသင်ခန်းစာများအပေါ် အာရုံမစိုက်နိုင်တော့ဘဲ ပညာရေးတွင် နောက်ကျကျန်ရစ်ခဲ့ပါသည်။ အနာဂတ်အတွက် အခြေခံအုတ်မြစ်ဖြစ်သော ပညာရေးလမ်းကြောင်းသည် မူးယစ်ဆေးဝါးကြောင့် လွဲချော်သွားရပါသည်။ ပညာအရည်အချင်း မရှိသောကြောင့် လူ့အဖွဲ့အစည်းအတွင်း ကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများလည်း ဆုံးရှုံးသွားရကာ ဘဝနိဂုံး မလှပဖြစ်ရသည်ကို တွေ့ရှိရပါသည်။
မိသားစု၏ မျှော်လင့်ချက်ဖြစ်သော သားသမီးများ လမ်းမှားရောက်ခြင်းသည် မိဘများအတွက် များစွာ စိတ်မကောင်းဖြစ်ရသော ကိစ္စဖြစ်ပါသည်။ မူးယစ်ဆေးဝါးကြောင့် မိသားစုအတွင်း ယုံကြည်မှုများပျက်ပြားကာ နွေးထွေးသော အိမ်ဂေဟာလေးများ ပြိုကွဲသွားရသည်ကို မြင်တွေ့ရလေ့ရှိပါသည်။ မိဘများ ခဲရာခဲဆစ်ရှာဖွေထားသော ပိုင်ဆိုင်မှုများသည် ဆေးဝါးများ ဝယ်ယူရန်အတွက် ပြုန်းတီးသွားရကာ မိသားစုအတွင်း စိတ်သောကများဖြင့် ပြည့်နှက်လာပါသည်။
မူးယစ်ဆေးဝါး ဝယ်ယူသုံးစွဲရန်အတွက် ငွေကြေးအမြောက်အမြား အသုံးပြုရခြင်းသည် မိသားစုစီးပွားရေးကို တိုက်ရိုက်ထိခိုက်စေပါသည်။ နောက်ဆုံးတွင် ပိုင်ဆိုင်မှုများ ကုန်ဆုံးကာ ဆင်းရဲတွင်းသို့ နက်နက်ရှိုင်းရှိုင်း သက်ဆင်းသွားရသည်ကို တွေ့ရှိရပါသည်။ စီးပွားရေးပျက်ပြားမှုကြောင့် အခြားသော လူမှုရေးပြဿနာများစွာ ထပ်မံဖြစ်ပေါ်လာရပြီး လူ့ပတ်ဝန်းကျင်၌ ရပ်တည်ရန်ခက်ခဲလာရပါသည်။
ဆေးစွဲသူများသည် ပုံမှန်လူ့အဖွဲ့အစည်းနှင့် အံဝင်ခွင်ကျမရှိတော့ဘဲ ဖယ်ကြဉ်ခြင်းကို ခံရလေ့ ရှိပါသည်။ ဤသို့ဖြင့် လူငယ်တစ်ဦးသည် အထီးကျန်ဘဝသို့ရောက်ရှိကာ မကောင်းမှုနယ်ပယ်အတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ရောက်ရှိသွားတတ်ပါသည်။ ပတ်ဝန်းကျင်၏ ကဲ့ရဲ့ပြစ်တင်မှုနှင့် ဖယ်ကြဉ်မှုများကြောင့် စိတ်ပိုင်းဆိုင်ရာနာကျင်မှုများခံစားရပြီး လူ့ဘောင်နှင့် ဝေးကွာသွားရသည်မှာ ဝမ်းနည်းဖွယ်ပင် ဖြစ်ပါသည်။
မူးယစ်ဆေးဝါးဝယ်ယူရန် ငွေကြေးလိုအပ်ချက်ကြောင့် ခိုးမှု၊ လုယက်မှုနှင့် အခြားရာဇဝတ်မှုများကို ကျူးလွန်လာကြသည်ကို တွေ့ရပါသည်။ ယင်းသည် ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်း၏ လုံခြုံရေးကိုကြီးမားစွာ ခြိမ်းခြောက်နေသော အန္တရာယ်ဖြစ်လာပါသည်။ ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့် ဥပဒေ၏အရေးယူမှုကို ခံရခြင်းနှင့် ဘဝပျက်ရခြင်းများသည် မူးယစ်ဆေးဝါးကြောင့် မလွဲမသွေ ကြုံတွေ့ရမည့် ရလဒ်များဖြစ်ပါသည်။
အပ်သုံးစွဲ၍ ဆေးထိုးခြင်းမှတစ်ဆင့် HIV/AIDS နှင့် အခြားသွေးမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ပျံ့နှံ့မှုကိုဖြစ်ပေါ်စေပါသည်။ ဤရောဂါများသည် လူငယ်ထု၏ ကျန်းမာရေးနှင့် သက်တမ်းကိုတိုတောင်းစေသော အကြောင်းရင်းများ ဖြစ်နေပါသည်။ ကျန်းမာရေးအသိပညာ နည်းပါးမှုကြောင့် ရောဂါပိုးများကို အခြားသူများထံ ဆက်လက်ဖြန့်ဝေမိခြင်းသည်လည်း လူ့အဖွဲ့အစည်းအတွက် ကြီးမားသော စိုးရိမ်စရာဖြစ်လာပါသည်။
နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သော ကျန်းမာသန်စွမ်းသည့် လူငယ်အရင်းအမြစ်များ မူးယစ်ဆေးဝါးကြောင့် ဆုံးရှုံးရခြင်းသည် တိုင်းပြည်အတွက် ကြီးမားသောနစ်နာမှု ဖြစ်ပါသည်။ လူသားစွမ်းအားစုများ ဆုတ်ယုတ်မှုသည် ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးစေပါသည်။ လူငယ်တို့၏ တီထွင်ဖန်တီးနိုင်စွမ်းနှင့် အင်အားများကို မူးယစ်ဆေးကဝါးမျိုပစ်ခြင်းသည် အနာဂတ်အလားအလာများကို မှေးမှိန်စေပါသည်။
နိုင်ငံတော် တည်ဆောက်ရေးတွင် အဟန့်အတား ဖြစ်စေသည့်အချက်များ
မူးယစ်ဆေးဝါး ပြဿနာက နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍအားလုံးကို ထိခိုက်စေသည်ကို တွေ့ရပါသည်။ သာယာဝပြောသော လူ့အဖွဲ့အစည်း တည်ဆောက်ရာတွင် မူးယစ်ဆေးဝါးသည် အဓိကအဟန့်အတားတစ်ခု ဖြစ်နေပါသည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အင်အားနှင့် ဘတ်ဂျက်များစွာ အသုံးပြုနေရခြင်းသည် အခြားဖွံ့ဖြိုးရေးကဏ္ဍများအတွက် ဆုံးရှုံးမှုဖြစ်စေပါသည်။
မူးယစ်ဆေးဝါးအန္တရာယ်ကို ကာကွယ်ရန်အတွက် အသိပညာပေးလုပ်ငန်းများသည် အရေးကြီးသော အခန်းကဏ္ဍတွင် ရှိနေပါသည်။ လူငယ်များအနေဖြင့် ဆေးဝါး၏ ဆိုးကျိုးကို အမှန်တကယ် သိရှိနားလည်မှသာ လမ်းမှားသို့မရောက်အောင် ရှောင်လွှဲနိုင်မည် ဖြစ်ပါသည်။ မူလတန်းအရွယ်ကတည်းကပင် မူးယစ်ဆေးဝါး၏အန္တရာယ်ကို သိရှိထားခြင်းဖြင့် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။
မိဘနှင့် ဆရာများသည် လူငယ်တို့၏ လမ်းပြကြယ်များ ဖြစ်ကြပါသည်။ သားသမီးများနှင့် တပည့်များကို နွေးထွေးစွာလမ်းပြခြင်း၊ အမြဲမပြတ် စောင့်ကြည့်ထိန်းသိမ်းခြင်းဖြင့် မူးယစ်ဆေး ကျော့ကွင်းအတွင်း မကျရောက်အောင် ကာကွယ်ပေးနိုင်သည်ကို တွေ့ရပါသည်။ အပြန်အလှန် ယုံကြည်မှုနှင့် ပွင့်လင်းစွာဆွေးနွေးနိုင်သော ပတ်ဝန်းကျင်ကို မိသားစုအတွင်း တည်ဆောက်ထားခြင်းသည် ကောင်းမွန်သော အကာအကွယ်ပင် ဖြစ်ပါသည်။
လမ်းမှားရောက်နေသော လူငယ်များကို ဆေးကုသမှုပေးခြင်းနှင့် ပြန်လည်ထူထောင်ပေးခြင်းသည် လူ့ဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရန် အခွင့်အရေးပေးခြင်း ဖြစ်ပါသည်။ ၎င်းတို့အား ယုံကြည်မှု ပြန်လည်ပေးအပ်ခြင်းဖြင့် ဘဝသစ်ကို ပြန်လည်စတင်နိုင်မည် ဖြစ်ပါသည်။ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် လူ့အဖွဲ့အစည်းက နွေးထွေးစွာလက်ခံခြင်းဖြင့် ၎င်းတို့၏ရှေ့ခရီးကို ပြန်လည်လျှောက်လှမ်းစေနိုင်မည် ဖြစ်ပါသည်။
မူးယစ်ဆေးဝါးကင်းစင်သော လူ့ပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရန် မိမိတို့အားလုံးတွင် တာဝန်ရှိသည်ဟု ယူဆရပါမည်။ လူတစ်ဦးချင်းစီမှစ၍ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မူးယစ်ရန်သူကို ထိရောက်စွာတိုက်ဖျက်နိုင်မည် ဖြစ်ပါသည်။ မိမိတို့၏ ရပ်ရွာ၊ မြို့နယ်အတွင်း မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားခြင်းဖြင့် လူငယ်တို့၏အနာဂတ်သည် ပိုမိုတောက်ပလာမည်ဖြစ်ပါသည်။
ဆိုရပါလျှင် လူငယ်ဟူသည် နိုင်ငံ၏အနာဂတ်ကို ပုံဖော်ထုဆစ်မည့် ဗိသုကာပညာရှင်များ ဖြစ်ကြပါသည်။ ထိုဗိသုကာများ၏လက်များတွင် မူးယစ်ဆေးဝါးများရှိနေမည့်အစား အသိပညာနှင့် ကျွမ်းကျင်မှုများသာ ရှိနေသင့်ပါသည်။ ပန်းတိုင်ပျောက်ရှနေသော ခြေလှမ်းများကို လမ်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိစေရန်နှင့် မူးယစ်ဆေးဝါး၏ သားကောင်များအဖြစ်မှ လွတ်မြောက်စေရန် လူသားအားလုံး တက်ညီလက်ညီ ဝိုင်းဝန်း ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုများရရှိနိုင်မည်ဖြစ်ပါသည်။ လူငယ်တို့၏ ဘဝခရီးလမ်း ဖြောင့်ဖြူးသာယာစေရေးသည် မိမိတို့အားလုံး၏ အလေးထားရမည့် ကိစ္စရပ်တစ်ခုပင် ဖြစ်ပါသည်။ လူငယ်ထုတစ်ရပ်လုံး မူးယစ်ကင်းစင်ကာ အနာဂတ်ပန်းကောင်းများအဖြစ် လန်းဆန်းနိုင်ကြပါစေကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
No comments:
Post a Comment