ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတည်ဆောက်ရာ၌ မိမိနိုင်ငံ၊ မိမိလူမျိုးတိုးတက်ရေးဆိုသည့် အမျိုးသားအကျိုးစီးပွားကိုအလေးထားသော နိုင်ငံချစ်သည့် နိုင်ငံသားတစ်ယောက်ဖြစ်ရန်လိုသည်။ နိုင်ငံတော်ကို ချစ်မြတ်နိုးစိတ်သည် မိမိနိုင်ငံနှင့် နှိုင်းယှဉ်လာပါက မိမိနိုင်ငံသည်သာ အဓိကဆိုသည့် စိတ်ဓာတ်ကို ခိုင်ခိုင်မာမာ စိုက်ထူထားနိုင်သူဖြစ်ရမည်။ သူတစ်ပါးနိုင်ငံကို အထင်ကြီးစိတ်သည် ထိုနိုင်ငံ၏ တိုးတက်ကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် စိတ်ဓာတ်များကို အတုယူအားကျရန် သာဖြစ်သည်။ မိမိနိုင်ငံကို အထင်သေးပြီး သူတစ်ပါးနိုင်ငံကို အထင်ကြီးအားကိုးခြင်းသည် သူတစ်ပါးလက်ဝေခံအဖြစ် နေထိုင်လိုသော မိမိနိုင်ငံကို တန်ဖိုးမထားသူသာ ဖြစ်ပေမည်။
အကြောင်းကြောင်းကြောင့်
တိုင်းတစ်ပါးသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများ အမြောက်အမြားရှိသည်။ ထိုနိုင်ငံသားများတွင်
ရေခြားမြေခြားရောက်ရှိနေကြသော်လည်း မြန်မာနိုင်ငံကို သတိရ၊ မြန်မာနိုင်ငံကို တန်ဖိုးထားကြ၊
မြတ်နိုးကြသူများရှိသည်။ သူတစ်ပါးနိုင်ငံတွင် နေထိုင်လုပ်ကိုင်နေကြသော်လည်း မြန်မာနှင့်ပတ်သက်လျှင်
အထိမခံ၊ အဝေဖန်မခံနိုင်သည့် နိုင်ငံချစ်သူများလည်းရှိသည်။ အကြောင်းအမျိုးမျိုးဖြင့်
တိုင်းတစ်ပါးသို့ရောက်ရှိနေပြီး မိမိနိုင်ငံကို အကျိုး မပြုသည့်အပြင် မိမိနိုင်ငံကို
အထင်သေး၊ မိမိနိုင်ငံကို သခင်အားရကျွန်ပါးဝသကဲ့သို့ နိုင်ငံကို အကောင်းမမြင် ပျက်စီးရာပျက်စီးကြောင်း
ပြုလုပ်နေကြသူများရှိသည်။ တိုင်းတစ်ပါးရောက်နေသူများတွင် နိုင်ငံကို ချစ်မြတ်နိုးသူနှင့်
ပျက်စီးစေလိုသူများကို ခွဲခြားရှုမြင်ရမည်ဖြစ်သည်။
မည်သည့်နိုင်ငံသားမဆို
နိုင်ငံတော်နှင့် နိုင်ငံသားများကို အလေးအနက်ထား ဦးထိပ်ပန်ဆင်ကြသူများသည်။ နိုင်ငံတော်ကို
ပြန်လည်အလုပ်အကျွေးပြုဖို့၊ နိုင်ငံတော်ကို ပြန်လည်စောင့်ရှောက်ဖို့ စိတ်အားထက်သန်ကြသူများသည်။
တည်တံ့ခိုင်မြဲသောနိုင်ငံကြီးများမှ နိုင်ငံသားများသည် တိုင်းတစ်ပါးသို့ မည်သည့်ပုံစံဖြင့်
ရောက်ရှိသည်ဖြစ်စေ နောက်ဆုံးထွက်သက်အထိ မိမိနိုင်ငံ အဓွန့်ရှည်ပါစေဟု ကြွေးကြော်အဆုံးသတ်ကြသည်ကို
တွေ့မြင်ဖူးမည်ဖြစ်သည်။ ဇာတ်လမ်းတစ်ပုဒ်တွင် နိုင်ငံကြီးတစ်နိုင်ငံသို့ တရားမဝင်ဝင်ရောက်ခဲ့သော
အခြားနိုင်ငံကြီးတစ်နိုင်ငံမှ နိုင်ငံသားတစ်ဦးအား ဖမ်းဆီးရမိသည့်အခါ ထိုနိုင်ငံက အရေးယူအပြစ်ပေးခြင်း
သို့မဟုတ် ပြည်နှင်ဒဏ်ပေးခြင်းတို့ကို ပြုလုပ်လေ့ရှိသည့်အပြင် အထူးအခွင့်အရေးအနေဖြင့်
တရားရုံးတွင် ဒုက္ခသည်အဖြစ်ခံယူပြီး နိုင်ငံသားအဖြစ် ခံယူခွင့်ပေးထား သည်။
အဆိုပါနိုင်ငံသားအား
နိုင်ငံသားအဖြစ်ခံယူလိုပါက မိမိနိုင်ငံတွင် ဆင်းရဲဒုက္ခ ရောက်နေကြောင်း ထွက်ဆိုပြီး
ထိုနိုင်ငံ၏သစ္စာကို ခံယူပါမည်ဟု ကျိန်ဆိုခိုင်းသောအခါ အံကြိတ်မာန်တင်းပြီး မိမိနိုင်ငံ
အဓွန့်ရှည်ပါစေဟုကြွေးကြော်ကာ အပြစ်ပေးခံယူခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်းကိုခံယူခဲ့သည့်
နိုင်ငံသားတစ်ယောက်အကြောင်းကို ကြားသိဖူးသည်။ အဆိုပါနိုင်ငံသားသည် ၎င်းအနေဖြင့် မည်မျှအခက်အခဲ
အကျပ်အတည်းရှိသော်လည်း မိမိနိုင်ငံနှင့်ယှဉ်လာပါက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် မည်မျှပြင်းထန်သည်ကို
ထုတ်ဖော်ပြသနိုင်ခဲ့သည်။ မိမိနိုင်ငံ အခက်အခဲအကျပ်အတည်း မည်မျှရှိသည်ဖြစ်စေ မိမိနိုင်ငံ၊
မိမိမြေတွင် မိမိလူမျိုးတို့နှင့်အတူတကွလက်တွဲပြီး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး
အတူလက်တွဲဆောင်ရွက်မည်၊ တိုင်းတစ်ပါးတွင်နေထိုင်ခဲ့ပြီး မိမိနိုင်ငံကို ပြန်လည်အကျိုးပြုမည်ဆိုသည့်
စိတ်ထားများဖြင့် ဆောင်ရွက်ကြရာ နိုင်ငံအဓွန့်ရှည်တည်တံ့ခိုင်မြဲပြီး တစ်စတစ်စ ဖွံ့ဖြိုးတိုးတက်နေသည့်နိုင်ငံများကို
တွေ့နိုင်သည်။
နိုင်ငံချစ်စိတ်၊
မျိုးချစ်စိတ်သည် မည်မျှအရေးကြီးကြောင်း နိုင်ငံတိုင်း နိုင်ငံတိုင်း သိရှိထားကြသည်။
နိုင်ငံသားတိုင်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ထက်သန်အောင် နယ်ပယ်ကဏ္ဍအသီးသီးတွင်
ထိန်းသိမ်းမြှင့်တင်ထားကြသည်။ မည်မျှခေတ်မီတိုးတက်ပြောင်းလဲနေသည်ဖြစ်စေ နိုင်ငံချစ်စိတ်၊
လူမျိုးချစ်စိတ် ခိုင်ကျည်အောင် ကြိုးပမ်းစွမ်းဆောင်ထားကြသည်။ ထိုနိုင်ငံများသည် အဓွန့်ရှည်တည်တံ့
ခိုင်မြဲတိုးတက်ကြသည်။ မြန်မာနိုင်ငံတွင် အမျိုးမျိုးသော သွေးကွဲမှုများကြောင့် နိုင်ငံချစ်စိတ်၊
လူမျိုးချစ်စိတ်များ ပါးလျားနေသည်ကို တွေ့ရသည်။ တိုင်းတစ်ပါးကို အထင်ကြီးစိတ်၊ မှီခိုအားထားလိုစိတ်များ
များနေသည်။ မိမိနိုင်ငံ၊ မိမိလူမျိုးဖွံ့ဖြိုးတိုးတက်လိုစိတ်များ လျော့ပါးနေသည်။ ထို့ကြောင့်
ငုပ်လျှိုးနေသော ဇာတိမာန် စိတ်ဓာတ်တက်ကြွလာအောင်၊ အသိအမြင်ကျယ်ပြန့်လာအောင်၊ အတွေးအခေါ်
မြင့်မားလာအောင် ပျိုးထောင်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည်
ရေခံမြေခံကောင်းများရှိပြီး နိုင်ငံတော်အစိုးရကလည်း အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေသည်။
နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်အဟုန်ဖြင့် တည်ဆောက်သွားရန် ကတိကဝတ်ပြုထားသည်။
နိုင်ငံသူ နိုင်ငံသားများအားလုံးကလည်း နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်ဖြင့် မိမိနိုင်ငံ၊
မိမိလူမျိုး အခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် အောက်ကျနောက်ကျမဖြစ်စေရန်၊ ရင်ပေါင်တန်းနိုင်ရန်
နိုင်ငံတော်နှင့်အတူ ဝိုင်းဝန်းလက်တွဲကြိုးပမ်းဆောင်ရွက်ကြရမည့် အချိန်ကျရောက်နေပြီဖြစ်ပါကြောင်း။
။

No comments:
Post a Comment