Thursday, August 6, 2026

အဆုံးအမတရားတော်တို့နှင့်အညီ

 


ကမ္ဘာတစ်ခွင် သတင်းမြင်ကွင်းများကိုကြည့်လျှင် ငြိမ်းချမ်းခြင်း၊ ငြိမ်သက်ခြင်းတို့ အလျဉ်းမရှိသည့် လောက၏သဘောကို ပြက်ပြက်ထင်ထင်မြင်တွေ့ကြရမည်ဖြစ်သည်။ နေရပ်စွန့်ခွာမှုများ၊ ဆူပူအုံကြွမှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများ၊ စစ်ရေးလေ့ကျင့်မှုများ၊ အင်အားပြိုင်ဆိုင်မှုများ၊ လက်နက်မြှင့်တင်မှုများ စသည်တို့က အပေါ်ယံမြင်တွေ့နေရသည့် မြင်ကွင်းများသာဖြစ်ကြသည်။ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ခြင်းတို့၏ မမြင်မတွေ့နိုင်သည့် အကြောင်းရင်းခံမှာ လိုချင်တပ်မက်ခြင်း လောဘ၊ အလိုအတိုင်းမရပါက မုန်းခြင်း၊ အမျက်ထွက်ခြင်းဟူသော ဒေါသ၊ တရားအမှန်ကို သိနိုင်ခြင်းမရှိသည့် မောဟတို့ဖြစ်ပြီး အတွင်းမီးများ ပင်ဖြစ်သည်။

လူ့သမိုင်းအစမှာကတည်းက လောဘ၊ ဒေါသ၊ မောဟ မီးသုံးပါးအကြောင်းခံဖြင့် တစ်ဦးကိုတစ်ဦးက အနိုင်အထက်ပြုကြသည်။ သူ့ပိုင်ဆိုင်မှုကို ကိုယ့်ပိုင်ဆိုင်မှုဖြစ်အောင် လုယက်ရယူကြသည်။ တစ်ဦးအပေါ် တစ်ဦးမနာလိုခြင်း၊ မုန်းတီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းတို့ ပြုကြသည်။ တစ်ပြည်ထောင်နှင့်တစ်ပြည်ထောင် စစ်မက်ပြုကြ တိုက်ခိုက်ဖျက်ဆီးကြသည်။ လူ့ယဉ်ကျေးမှုတို့ တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်လာခဲ့ပြီးနောက် လူတို့ကိုးကွယ်ရာ ဘာသာတရားတို့ ပေါ်ပေါက် လာကြသည်။

ဘာသာတရားတို့က ဆိုင်ရာဘာသာတရားအသီးသီးကို ကိုးကွယ်သူလူသားတို့အား မကောင်းမှုဟူသမျှ လုံးဝမပြုလုပ်ကြရန်၊ ကောင်းမှုဟူသမျှအားလုံးပြုကြရန်၊ စိတ်နှလုံးကိုစင်ကြယ်သန့်ရှင်းအောင် ဆောက်တည်ကြရန် ဆုံးမထားကြသည်။ ဘာသာတရားတို့၏ အဆုံးအမများကို အနှစ်ချုပ်လျှင် ဤသုံးချက်အတူတူပင်ဖြစ်သည်။ လူသားတို့ ကိုးကွယ်ရာ ဘာသာကြီးအားလုံးတို့က သည်းခံရေး၊ ခွင့်လွှတ်ရေး၊ ရန်ငြိုးမဖွဲ့ရေး၊ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ အတူလက်တွဲနေထိုင်ရေးတို့ကို ညွှန်ပြဆုံးမထားစေကာမူ ကမ္ဘာလောကကြီးမှာ စစ်ပွဲကြီးများ၊ လက်နက်ကိုင်ပဋိပက္ခများ၏ ခြိမ်းခြောက်မှုကို နေ့စဉ်ခံစားနေကြရသည်။

ယနေ့မိမိတို့နိုင်ငံသည်လည်း နိုင်ငံသူနိုင်ငံသားတို့ လိုလားတောင့်တနေကြရသည့် တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေးတို့ နိုင်ငံတစ်ဝန်းလုံး၌ လွှမ်းခြုံကျရောက်နိုင်စေရန် ကြိုးပမ်းအားထုတ်နေကြရသည်။ သဘောထားကွဲလွဲမှုများနှင့် လိုလားချက်များကို လက်နက်ကိုင် နည်းလမ်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့် နိုင်ငံရေးနည်းလမ်းဖြင့်သာ အေးချမ်းစွာအဖြေရှာရန် တိုက်တွန်းဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) အားလုံးကို တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်လျက်ရှိသည်။

‘‘ယခုအချိန်တွင် တိုင်းရင်းသားအားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် နိုင်ငံသစ်ကို အတူတကွတည်ဆောက်ကြရန်လိုပြီး နိုင်ငံတစ်ဝန်းလုံး အမြန်ဆုံးတည်ငြိမ်အေးချမ်းစေရန် ငြိမ်းချမ်းရေးကို တည်ဆောက်သည့်နေရာတွင် မဖြစ်နိုင်သည်များကို တောင်းဆိုနေမည့်အစား ခေတ်စနစ်နှင့်ကိုက်ညီသည့် ဖြစ်သင့်၊ ဖြစ်နိုင်သည်များကိုသာ ညှိနှိုင်းတောင်းဆိုကြရန်လိုအပ်ကြောင်း၊ ထာ၀ရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ရမည့်တာဝန်သည် အစိုးရမှာပင် တာဝန်ရှိသည်မဟုတ်ဘဲ အစိုးရ၊ တပ်မတော်၊ လွှတ်တော်စသည့် အင်စတီကျူးရှင်းအားလုံးတွင် တာဝန်ရှိသည့်အတွက် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်သည့်နေရာတွင် အားလုံးတတ်စွမ်းသရွေ့ ပူးပေါင်းဆောင်ရွက်ပေးကြရန် အလေးအနက်ထားပြောကြားလိုကြောင်း’’ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဋ္ဌ ကာဒီနယ်ချားလ်စ်ဘို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား သြဂုတ် ၅ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံး၌ လက်ခံတွေ့ဆုံပြီး ဘာသာရေးလွတ်လပ်ခွင့်၊ နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် လူမှုသဟဇာတဖြစ်ထွန်းရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးရာတွင် ဘာသာရေးခေါင်းဆောင်များအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံတော်ငြိမ်းချမ်းသာယာရေးအတွက် ဘာသာတရား၏အဆုံးအမများဖြင့် ဆက်လက်ပံ့ပိုးပေးရန် နိုင်ငံတော်သမ္မတက တိုက်တွန်းမေတ္တာရပ်ခံခဲ့သည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများစွာ စုပေါင်းနေထိုင်ကြပြီး မိမိတို့ယုံကြည်ရာ ဘာသာတရားတို့ကို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ပေးထားသည့်နိုင်ငံဖြစ်သည်။ ယနေ့ မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများ၊ နိုင်ငံရေးသဘောထားကွဲလွဲမှုများ စသည်တို့ မှာ ဘာသာတရားအဆုံးအမများနှင့်အညီ ငြိမ်းချမ်းစွာဖြေရှင်းနိုင်သည့် ကိစ္စများဖြစ်သည်။ အသက်နှင့်ခန္ဓာများ၊ အိုးအိမ်ဥစ္စာပစ္စည်းများစသည်တို့ ပျက်စီးဆုံးရှုံးမှုတို့မဖြစ်စေဘဲ ဆောင်ရွက်နိုင်သည့်အရေး အရာများဖြစ်သည်။ ပဋိပက္ခအနိဋ္ဌာရုံတို့ကို ရှောင်ရှား၍ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ နိုင်ငံတော်ငြိမ်းချမ်းသာယာရေးတို့အတွက် ဘာသာသာသနာတို့၏ အဆုံးအမများနှင့်အညီ ဆောင်ရွက်နိုင်ကြပါစေကြောင်း။ ။

No comments:

Post a Comment