Sunday, August 16, 2026

ယူ-၂၀ အမှတ်ပေးဘောလုံးပြိုင်ပွဲ ဟံသာဝတီနှင့် ဒဂုံစတားအသင်းတို့ အနိုင်ရရှိ



ရန်ကုန် ဩဂုတ် ၁၅

MNL U-20 League 2026 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၁၃) တတိယနေ့ပွဲစဉ်အဖြစ် ဟံသာဝတီ ယူနိုက်တက်နှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့ ယနေ့ ညနေ ၃ နာရီခွဲက ဗဟန်းကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ဟံသာဝတီအသင်းက ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ပထမပိုင်းပွဲချိန် ၃၂ မိနစ်တွင် ဟံသာဝတီ အသင်းရရှိခဲ့သည့် ပယ်နယ်တီကို အောင်ဇော်ဦး က အမှားအယွင်းမရှိ ကန်သွင်းကာ ဦးဆောင်ဂိုး စတင်ရယူခဲ့သည်။ နာကျင်အချိန်ပို ၄၅+၂ မိနစ်တွင် သူရညီညီက ဟံသာဝတီအသင်းအတွက် ဒုတိယဂိုး သွင်းယူပေးခဲ့သည်။ သို့သော် မိနစ်ပိုင်းအကြာ ၄၅+၃ မိနစ်တွင် စစ်ကိုင်းအသင်းမှ ပိုင်သက်ဦးက ပယ်နယ်တီမှတစ်ဆင့် ချေပဂိုးတစ်ဂိုး ပြန်လည်ရယူခဲ့သဖြင့် ပထမပိုင်းအပြီးတွင် ဟံသာဝတီအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် ဟံသာဝတီအသင်းက ပွဲကို ဆက်လက်ထိန်းချုပ်ထားနိုင်ခဲ့ပြီး သူရညီညီက ပွဲချိန် ၆၄ မိနစ် (ပယ်နယ်တီ)နှင့် မိနစ် ၇၀ တို့တွင် ဂိုးများ ထပ်မံသွင်းယူကာ ၎င်း အတွက် ဟက်ထရစ်ဂိုးအဖြစ် ရယူနိုင်ခဲ့သည်။ ပွဲချိန် ၇၈ မိနစ်တွင် စစ်ကိုင်းအသင်းမှ ဒေးဂျာက ဒုတိယချေပဂိုး သွင်းယူနိုင်ခဲ့သော်လည်း မိနစ် ၈၀ တွင် ဟံသာဝတီအသင်းမှ အောင်ဇော်ဦးက အနိုင်ဂိုး ထပ်မံသွင်းယူခဲ့သည့်အတွက် ပွဲအပြီးတွင် ဟံသာဝတီယူနိုက်တက်အသင်းက ငါးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါပွဲစဉ်တွင် ဟံသာဝတီအသင်းမှ ခြေစွမ်းပြကစားကာ သွင်းဂိုး နှစ်ဂိုးသွင်းယူနိုင် ခဲ့သည့် ကျောနံပါတ် (၁၀) အသင်းခေါင်းဆောင် အောင်ဇော်ဦးက AYA Pay Man of the Match ဆုကို ရရှိခဲ့သည်။

ထို့ပြင် သီဟဒီပကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်တွင် ဒဂုံစတားယူနိုက်တက်အသင်း က ရှမ်းယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ဒဂုံစတားအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၉၀+၁ မိနစ်၌ သျှားကိုကိုက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ပွဲစဉ် (၁၃) ၏ လက်ကျန်ပွဲစဉ်များအဖြစ် ဩဂုတ် ၁၆ ရက်တွင် ရန်ကုန်စီးတီးအသင်းနှင့် မြဝတီအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

နေမျိုး၊ ဓာတ်ပုံ-MNL

No comments:

Post a Comment