သန်းဇော်(ဗဟိုစာရင်းအင်းအဖွဲ့)
တည်ငြိမ်သောလုပ်ခနှင့် တည်ငြိမ်သောဈေးနှုန်းတို့သည် စီးပွားရေးတည်ငြိမ်မှု၏ အဓိကအုတ်မြစ်များဖြစ်သည်။ လူမှုဘဝအဆင်ပြေချောမွေ့မှု၊ စားဝတ်နေရေးဖူလုံမှုနှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတို့သည် ထိုနှစ်ချက်ပေါ်တွင် များစွာတည်မှီနေပါသည်။
တည်ငြိမ်သောလုပ်ခ
ဆိုသည်မှာ အလုပ်သမားများနှင့် ဝန်ထမ်းများအတွက် အချိန်ကာလတစ်ခု အတွင်း ယုံကြည်စိတ်ချစွာ
ရရှိနိုင်သော မပြောင်းလဲသည့်ဝင်ငွေကို ဆိုလိုသည်။ လုပ်ခတည်ငြိမ်မှုရှိပါက မိမိတို့၏
နေ့စဉ်အသုံးစရိတ်များကို စီမံခန့်ခွဲရန် လွယ်ကူစေပြီး မိသားစုဘဝကိုလည်း စိတ်ချလုံခြုံစွာ
တည်ဆောက်နိုင်သည်။ ထို့ပြင် အလုပ်သမားများ၏ စိတ်ဓာတ်တက်ကြွမှုနှင့် ထုတ်လုပ်မှုစွမ်းအားတို့
လည်း မြင့်မားလာမည်ဖြစ်ပါသည်။
တည်ငြိမ်သောဈေးနှုန်းသည်
စားသုံးသူများအတွက် အလွန်အရေးပါသည်။ ဈေးနှုန်းများ မတည်ငြိမ်ပါက နေထိုင်မှုအခက်အခဲများကို
ဖြစ်ပေါ်စေနိုင်သည်။ အထူးသဖြင့် အခြေခံ စားသောက်ကုန်များနှင့် နေ့စဉ်အသုံးအဆောင်ပစ္စည်းများ၏
ဈေးနှုန်းတက်ခြင်းသည် လူမှုဘဝ အပေါ် တိုက်ရိုက်ထိခိုက်မှုရှိသည်။ ထို့ကြောင့် ဈေးနှုန်းတည်ငြိမ်မှုကို
ဖော်ဆောင်နိုင်ရန် စီးပွားရေး အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။
လုပ်ခနှင့် ဈေးနှုန်းတို့သည်
တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။ လုပ်ခတိုးလျှင် ဈေးနှုန်းမြင့်တက်မှု ဖြစ်ပေါ်တတ်ပြီး
ဈေးနှုန်းမြင့်တက်ပါကလည်း လုပ်ခတိုးတောင်းမှု ဖြစ်ပေါ်တတ်သည်။ သို့သော် လုပ်ခတိုးလာသော်လည်း
ဈေးနှုန်းများ အလွန်မြင့်တက်ခြင်း (တိုးလာသည့်လုပ်ခထက် ဈေးနှုန်း မြင့်တက်မှုပိုများခြင်း)
ဖြစ်ပေါ်ပါက အမှန်ဝင်ငွေ (real income) မတိုးတက်နိုင်ပါ။ ထို့ကြောင့် လုပ်ခ တိုးမြှင့်ပေးမည်ဆိုပါက
လုပ်ခတိုးမြှင့်မှုနှင့်အတူ ဈေးနှုန်းထိန်းချုပ်မှုကို အတူတကွလုပ်ဆောင်ရမည် ဖြစ်ပါသည်။
ပူးပေါင်းဆောင်ရွက်ရန်လိုအပ်
တည်ငြိမ်သောလုပ်ခနှင့်
တည်ငြိမ်သော ဈေးနှုန်းများသည် စီးပွားရေးစနစ်တစ်ခုလုံး၏ စနစ် တကျစီမံခန့်ခွဲမှုနှင့်
ဆက်စပ်နေသည်။ ထို့ကြောင့် အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူလူထု တို့အားလုံး
ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။
အစိုးရဘက်မှ စီးပွားရေးမူဝါဒများကို
တည်ငြိမ်စွာ ချမှတ်အကောင်အထည်ဖော်နိုင်ရေးအတွက် ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ရန်
ငွေကြေးမူဝါဒနှင့် ဘဏ္ဍာရေးမူဝါဒတို့ကို သင့်တင့်ညီညွတ်စွာ အသုံးချရမည်။ အထူးသဖြင့်
အခြေခံစားသောက်ကုန်များ၏ ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုကို ထိန်းညှိပေး ခြင်းဖြင့်
ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်မည်။
လုပ်ခတည်ငြိမ်မှုရရှိစေရန်
အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်သည်။ စက်မှု လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့်
ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက အလုပ်အကိုင်များ တိုးလာပြီး ဝင်ငွေတည်ငြိမ်မှုကို
အထောက်အကူပြုမည်ဖြစ်သည်။ ထို့ပြင် အလုပ်သမားများအတွက် အနည်းဆုံးလုပ်ခလစာကို သင့်တင့်သည့်အဆင့်တွင်
သတ်မှတ်ထားခြင်းကလည်း အရေးကြီးသည်။
ဈေးနှုန်းများ
မတည်မငြိမ်ဖြစ်ပေါ်မှုကို ကာကွယ်ရန်အတွက် တရားမျှတမှုရှိသော ဈေးကွက်ဖြစ်စေ ရန် စည်းမျဉ်းစည်းကမ်းများဖြင့်
အကောင်အထည်ဖော်ရမည်။ ဈေးနှုန်းများ အဆမတန်မြှင့်တင်ခြင်း၊ ကုန်ပစ္စည်းရှားပါးနေချိန်တွင်
သိုလှောင်ထားခြင်းကဲ့သို့သော လုပ်ရပ်များကို ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းနိုင်ရမည်ဖြစ်သည်။
ပညာရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးရေးကိုလည်း
အလေးထားရမည်။ လူသားအရင်းအမြစ် တိုးတက် လာပါက ထုတ်လုပ်မှုစွမ်းအားမြင့်တက်ပြီး လုပ်ခလည်း
တိုးတက်လာနိုင်သည်။ ထိုအခါ ဈေးနှုန်းနှင့် လုပ်ခတို့ကို သင့်တင့်ညီညွတ်စွာ ထိန်းညှိနိုင်မည်
ဖြစ်သည်။
ပြည်သူလူထုဘက်မှလည်း
စီးပွားရေးအသိပညာရှိရမည်။ မလိုအပ်သော အသုံးစရိတ်များကို လျှော့ချခြင်း၊ ထုတ်လုပ်မှုကို
အားပေးခြင်းတို့ဖြင့် စီးပွားရေးတည်ငြိမ်မှုကို အထောက်အကူပြုနိုင်ရ မည်ဖြစ်သည်။
တည်ငြိမ်သောလုပ်ခနှင့်
တည်ငြိမ်သောဈေးနှုန်းဖြစ်စေရန် အစိုးရမူဝါဒများ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့်
ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုတို့ တစ်ပြိုင်နက်တည်း လိုအပ်သည်။ ထိုအချက် များကို
ထိရောက်စွာ ဆောင်ရွက်နိုင်ပါက လူမှုဘဝတည်ငြိမ်မှုနှင့် နိုင်ငံတိုးတက်မှုတို့ကို ရရှိနိုင်မည်
ဖြစ်သည်။
အကျိုးကျေးဇူး
တည်ငြိမ်သောလုပ်ခနှင့်
တည်ငြိမ်သောဈေးနှုန်းများသည် လူမှုဘဝနှင့် စီးပွားရေး တိုးတက် မှုအတွက် အရေးကြီးသော
အကျိုးကျေးဇူးများစွာကို ဖြစ်ပေါ်စေသည်။
လူနေမှုဘဝ တည်ငြိမ်မှုကို
အထောက်အကူပြုမည်။ လုပ်ခတည်ငြိမ်ပါက လူများသည် မိမိတို့၏ ဝင်ငွေကို ယုံကြည်စိတ်ချစွာ
စီမံခန့်ခွဲနိုင်ပြီး မိသားစုအတွက် လိုအပ်သော စားဝတ်နေရေးကို သေချာစွာ ဖြည့်ဆည်းနိုင်မည်။
ထိုအခါ စိတ်ပူပန်မှုများ လျော့နည်းလာပြီး လူမှုဘဝ ပိုမိုတည်ငြိမ်လာမည်။
စားသုံးသူများအတွက်
အကျိုးရှိမည်။ ဈေးနှုန်းများ တည်ငြိမ်နေပါက လူများက ပစ္စည်းများ၏ ဈေးနှုန်းကို သိရှိနေသောကြောင့်
အသုံးစရိတ်ကို စနစ်တကျစီမံနိုင်ပြီး ဈေးနှုန်း မတည်ငြိမ်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော
အခက်အခဲများကို လျှော့ချနိုင်မည်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို
အားပေးမည်။ လုပ်ခနှင့် ဈေးနှုန်းများ တည်ငြိမ်ပါက လုပ်ငန်းရှင် များက အနာဂတ်စီမံကိန်းများကို
ယုံကြည်စိတ်ချစွာ ချမှတ်နိုင်ပြီး ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာမည်။ ထို့ကြောင့်
အလုပ်အကိုင်အခွင့်အလမ်းများ တိုးလာပြီး စီးပွားရေးတိုးတက်မှုကို လှုံ့ဆော်ပေးမည်။
လူမှု မညီမျှမှုကို
လျှော့ချပေးနိုင်မည်။ ဈေးနှုန်းမြင့်မားခြင်းကြောင့် ဆင်းရဲချမ်းသာကွာဟမှုများ ပိုမိုကြီးထွားလာနိုင်သော်လည်း
ဈေးနှုန်းတည်ငြိမ်ပါက လူအားလုံးအတွက် အခွင့်အလမ်းများ ပိုမို ညီမျှလာမည်။ လုပ်ခတည်ငြိမ်မှုနှင့်အတူ
လူမှုတရားမျှတမှုလည်း တိုးတက်လာမည်။
နိုင်ငံတော်၏
စီးပွားရေးတည်ငြိမ်မှုကို ခိုင်မာစေမည်။ လုပ်ခနှင့် ဈေးနှုန်းများကို ကောင်းမွန်စွာ
ထိန်းညှိနိုင်ပါက ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင် ပြီး စီးပွားရေး တည်ငြိမ်မှုကို
ဖြစ်ပေါ်စေနိုင်မည်။
ငွေကြေးစနစ်အပေါ်
သက်ရောက်မှုကိုလည်း ရှိမည်။ လုပ်ခနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိပါက ငွေတန်ဖိုး တည်ငြိမ်လာပြီး
လူများ၏ ဝယ်ယူနိုင်စွမ်းကို ကာကွယ်ပေးနိုင်သောကြောင့် ငွေကြေးအပေါ် ယုံကြည်မှု ခိုင်မာလာမည်။
စဉ်းစားရမည့်အချက်များ
တည်ငြိမ်သောလုပ်ခနှင့်
တည်ငြိမ်သောဈေးနှုန်းတို့သည် လူမှုဘဝနှင့် စီးပွားရေးစနစ်အပေါ် အကျိုး သက်ရောက်မှုများစွာ
ရှိစေသော်လည်း အခြေအနေပေါ် မူတည်၍ စဉ်းစားရမည့်အချက်များကိုလည်း သတိထားရမည်။ လုပ်ခကို
တည်ငြိမ်စေရန် တင်းကျပ်စွာ
ထိန်းထားပါက အလုပ်သမားများ၏ စိတ်ဓာတ်ကျဆင်းခြင်း၊ ထုတ်လုပ်မှုစွမ်းရည် ကျဆင်းခြင်းနှင့်
အလုပ်အကိုင် ပြောင်းရွှေ့လိုခြင်းများ ဖြစ်ပေါ်နိုင်သည်။ ထိုကဲ့သို့ပင် ဈေးနှုန်းများကို
အလွန်အမင်းထိန်းချုပ်ခြင်းသည်လည်း ဈေးကွက်အလိုအလျောက် ညှိနှိုင်းမှုကို ထိခိုက်စေနိုင်ပြီး
ကုန်ပစ္စည်းရှားပါးမှုများ ဖြစ်ပေါ်နိုင်သည်။
ထိရောက်သောစီမံခန့်ခွဲမှု
တည်ငြိမ်သောလုပ်ခနှင့်
တည်ငြိမ်သောဈေးနှုန်းများသည် လူတစ်ဦးချင်းစီမှစ၍ နိုင်ငံတော်တစ်ခုလုံး အထိ အကျိုးကျေးဇူးများစွာ
ပေးစွမ်းနိုင်သည်။ တည်ငြိမ်သော လုပ်ခနှင့် တည်ငြိမ်သောဈေးနှုန်း တို့သည် လူမှုဘဝနှင့်
စီးပွားရေးအတွက် အကျိုးသက်ရောက်မှုကြီးမားသော်လည်း ထိုအရာများကို သင့်တင့်ညီညွတ်စွာ
စီမံခန့်ခွဲရန် လိုအပ်သည်။ ထိရောက်သော မူဝါဒများနှင့် သင့်တင့်သော ထိန်းညှိမှု များဖြင့် ဆောင်ရွက်နိုင်ပါက
ကောင်းမွန်သော အကျိုးသက်ရောက်မှုများကို
ရရှိနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
No comments:
Post a Comment