စောအောင်လင်း
သဘာဝဆိုသည်မှာ ဖြစ်မြဲသဘော၊ လူတို့၏စီမံဆောင်ရွက်မှုမပါဘဲ အလိုအလျောက်ဖြစ်သောအရာဟု လည်းကောင်း၊ ဘေးဆိုသည်မှာ ကြောက်မက်ဖွယ်ရန်၊ အန္တရာယ်ဟု လည်းကောင်း၊ အန္တရာယ်ဆိုသည်မှာ အနှောင့်အယှက်၊ ဘေးရန်ဟု လည်းကောင်း မြန်မာအဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ သဘာဝဘေးအန္တရာယ်ကို သဘာဝအတိုင်း တည်ငြိမ်အေးချမ်းရာမှ ရုတ်တရက်ပြောင်းလဲဖောက်ပြန်သော ဖြစ်စဉ်များဟုလည်း ဆိုကြပါသည်။
သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ရခြင်းမှာ
ကမ္ဘာ့အပူချိန်မြင့်တက်လာမှု၊ လူဦးရေတိုးတက်များပြားလာမှု၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
ချဲ့ထွင်လာမှုနှင့် သစ်တောများပြုန်းတီးလာမှုများကြောင့် ဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ်များမှာ
အပူလှိုင်းဖြတ်ခြင်း၊ မိုးခေါင်ရေရှားခြင်း၊ မီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊
မိုးသည်းထန်စွာရွာခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ဆူနာမီလှိုင်းမြင့်တက်ခြင်း၊
ငလျင်လှုပ်ခြင်း၊ အအေးလှိုင်းဖြတ်ခြင်း စသည်တို့ဖြစ်သည်။ ထိုအန္တရာယ်များကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း၊
သက်ရှိသတ္တဝါများ သေကျေပျက်စီးခြင်းများ ဖြစ်ပေါ်လျက်ရှိပါသည်။
ရှေးလူကြီးများက
“ ဗုဒ္ဓဟူး၊ စနေ ဆန်းတုံစေမူ၊ တောင်လေသုတ်ဖြူး၊ တဟူးဟူးနှင့်၊ မိုးဦးလည်းခေါင်၊ မိုးလယ်ရှောင်ကွင်း၊
မိုးနှောင်းဖျင်းအံ့” ဆိုစကားအရ မြန်မာနှစ်ဆန်း ၁ ရက်နေ့သည် ဗုဒ္ဓဟူးနေ့နှင့် စနေနေ့ဖြစ်ခဲ့ပါက
မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကာလများတွင် မိုးခေါင်မည်ဟု ခန့်မှန်းခဲ့ကြသည်။ ငှက်များအသိုက်ဆောက်ရာတွင်
အနိမ့်အမြင့်ကို ကြည့်၍လည်းကောင်း၊ ပုရွက်ဆိတ်နှင့် ပလူကောင်များ တွင်းအောင်းနေရာမှ
အဝင်အထွက်ကို ကြည့်၍လည်းကောင်း၊ ကြက်တွန်သံ၊ ကျီးကန်းအသိုက်၊ ပုစွန်တွင်း၊ ဘီလုံးငှက်များ၏
အလေ့အထကို ကြည့်၍လည်းကောင်း၊ သင်္ကြန်အကျနေ့တွင် ရှားပင်ကို ဓားဖြင့် တစ်ထစ်စီထစ်ပြီး
စီးကျလာသည့် အရည်အနည်းအများကို ကြည့်၍လည်းကောင်း မိုးရာသီအခြေအနေကို ခန့်မှန်းခဲ့ကြသည်။
ယခုအခါ မိုးလေဝသနှင့်
ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခေတ်မီကိရိယာများဖြင့် တိုင်းတာ၍ မိုးလေဝသကြိုတင်ခန့်မှန်းချက်များ
ထုတ်ပြန်ပေးလျက်ရှိသည်။ သို့ရာတွင် တိုင်းတာတွက်ချက်ပြီး ကြိုတင်ခန့်မှန်း၍မရနိုင်သော
သဘာဝဘေးအန္တရာယ်များလည်း ဖြစ်ပေါ်တတ်သဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အမြဲမပြတ်သတိပြု
ဆောင်ရွက်ကြရပါမည်။ မျက်မှောက်ကာလတွင် အများဆုံးဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ်အချို့နှင့်
ပြင်ဆင်ထားသင့်သည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တင်ပြလိုပါသည်။
အပူလှိုင်းဖြတ်ခြင်း
သစ်တောသစ်ပင်များ၊
သဘာဝသယံဇာတများ အလွန်အကျွံထုတ်ယူခြင်းကြောင့် သစ်တောများပြုန်းတီးလာပြီး ဂေဟစနစ်များပျက်စီးကာ
အပူချိန်များမြင့်တက်လာသည်။ ယခင်နှစ်များက မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အပူချိန်များ
မြင့်တက်ခဲ့ပြီး ကမ္ဘာ့အပူချိန် အမြင့်ဆုံးစာရင်းတွင် ပါဝင်လာခဲ့သည်။ ယခုနှစ်တွင်လည်း
ဒေသအချို့၌ အပူချိန်မြင့်မားမှုများ ရှိနေသည်။ အပူချိန်မြင့်မားမှုကြောင့် ရေရှားခြင်း၊
လူသားများ၏ ကျန်းမာရေးထိခိုက်ခြင်းများ ဖြစ်ပွားနိုင်ပါသည်။
အပူလှိုင်းဖြတ်ခြင်း၊
အပူချိန်မြင့်တက်ခြင်းတို့ကို ကာကွယ်ရန်မှာ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ စည်းကမ်းမဲ့ခုတ်ထွင်မှုများကို
တားဆီးခြင်း၊ ဒေသအလိုက် ရာသီဥတုနှင့်ကိုက်ညီမည့် အပင်ကြီး မျိုးသစ်ပင်များ စိုက်ပျိုးခြင်း၊
စိုက်ပျိုးပြီးအပင်များ ရှင်သန်ဖြစ်ထွန်းရေး ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရပါမည်။
လယ်ယာစိုက်ပျိုးရေးတွင် ရာသီဥတုနှင့် ကိုက်ညီမည့်သီးနှံများ ရွေးချယ်စိုက်ပျိုးခြင်း၊
စိုက်ပျိုးရေဖူလုံစွာရရှိရေးအစီအမံများ ကြိုတင်စီစဉ်ထားခြင်းများ ဆောင်ရွက်ထားရပါမည်။
ကျန်းမာရေးအတွက်
ကျန်းမာရေးဌာနမှ အသိပညာပေးချက်များ လိုက်နာခြင်း၊ ရေကို ကျိုချက်သောက်ခြင်း၊ သောက်သုံးရေနှင့်
အစားအစာများကို ကြိုတင်စုဆောင်းထားခြင်း၊ သွားလာနေထိုင်မှုဆင်ခြင်ခြင်းတို့ကို ဆောင်ရွက်ကြရပါမည်။
မိုးခေါင်ရေရှားခြင်း
မိုးခေါင်ရေရှားခြင်းကြောင့်
ပူပြင်းခြောက်သွေ့သည့်ကာလ ကြာရှည်ခြင်း၊ ရေတွင်းရေကန်များ ရေနည်းလာခြင်း၊ ရေခန်းခြောက်လာခြင်း၊
အပူချိန်မြင့်တက်ခြင်းကြောင့် စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းမှုနည်းပါးခြင်း၊
လူသားများ၏ ကျန်းမာရေးထိခိုက်ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။
စိုက်ပျိုးရေ ကြိုတင်စုဆောင်းထားခြင်း၊
ရာသီဥတုဒဏ်ခံနိုင်သည့် သီးနှံမျိုးစေ့များကို ရွေးချယ်စိုက်ပျိုးခြင်း၊ စိုက်ပျိုးရေးအတွက်
သက်ဆိုင်ရာဌာနများမှ သတိပေးနှိုးဆော်ချက်များနှင့် အကြံပြုချက်များကို လိုက်နာခြင်း၊
ရေကို ချွေတာသုံးစွဲခြင်း၊ သုံးရေ ချိုးရေများကို သင့်လျော်သည့်နေရာများတွင် ပြန်လည်အသုံးချခြင်းများ ဆောင်ရွက်ကြရပါမည်။
ကျန်းမာရေးအတွက် ကျန်းမာရေးဌာနမှ သတိပေးနှိုးဆော်ချက်များ လိုက်နာနေထိုင်ကြရန် လိုအပ်ပါသည်။
မီးလောင်ကျွမ်းခြင်း
မီးလောင်ကျွမ်းမှုများသည်
ရာသီမရွေး၊ အချိန်မရွေး၊ နေရာမရွေးဖြစ်ပွားတတ်ပါသည်။ မီးလောင်ခြင်းသည် ပေါ့ဆမီး၊ လျှပ်စစ်မီး၊
မသမာသူတို့၏ ရှို့မီး၊ တောမီး၊ အလိုအလျောက်မီးစသည်ဖြင့် ဖြစ်ပွားတတ်ပါသည်။ လူနေအိမ်ခြေများ၊
စားသောက်ဆိုင်များ၊ ဟိုတယ်မိုတယ်များ၊ စက်သုံးဆီအရောင်းဆိုင်များ၊ သိုလှောင်ရုံများနှင့်
စက်ရုံအလုပ်ရုံများ ပိုမိုများပြားလာခြင်းကြောင့် မီးလောင်ကျွမ်းမှုများ ပိုမိုဖြစ်ပွားလာသည်။
ဖြစ်စဉ်အများစုမှာ ပေါ့ဆမီးနှင့် လျှပ်စစ်မီးများကြောင့် ဖြစ်ကြသည်။
၂၀၂၄ ခုနှစ် တစ်နှစ်တည်းမှာပင်
တစ်နိုင်ငံလုံး မီးလောင်ကျွမ်းမှုအကြိမ် ၁၁၅၀ ဖြစ်ပွားခဲ့ပြီး မီးလောင်ဆုံးရှုံးမှု
တန်ဖိုးစုစုပေါင်း ကျပ်သန်းပေါင်း ၉၄၀၀ ရှိခဲ့ကြောင်း သိရပါသည်။ မီးဘေးအန္တရာယ်သည်
အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးရသကဲ့သို့ လူသားများ၏အသက်များ ပေးဆပ်ရသည်အထိ
ဖြစ်ပွားတတ်ပါသည်။
မီးဘေးအန္တရာယ်သည်
မမျှော်လင့်ဘဲ ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သော်လည်း ကြိုတင်ကာကွယ်ခြင်းဖြင့်
လျှော့ချနိုင်ပါသည်။ မီးဘေးအန္တရာယ်များမဖြစ်ပေါ်စေရန် မီးကို စနစ်တကျသုံးစွဲခြင်း၊
မီးသတ်တပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းထားခြင်း၊ မီးငြှိမ်းသတ်ရေးကိရိယာများ အသင့်ပြင်ဆင်ထားခြင်း၊
လျှပ်စစ်ဝိုင်ယာကြိုး၊ မီးပလပ်၊ မီးခေါင်းများ ဟောင်းနွမ်းဆွေးမြည့်နေပါက အသစ်လဲလှယ်အသုံးပြုခြင်း၊
မီးလောင်နိုင်သည့် ပစ္စည်းများနှင့် လောင်စာဆီများကို မီးနှင့်ဝေးသည့်နေရာတွင် ထားရှိခြင်း၊
ရုံးဌာနများ၊ စက်ရုံအလုပ်ရုံများ၊ သိုလှောင်ရုံများ၊ စက်သုံးဆီအရောင်းဆိုင်များမှ ဝန်ထမ်းများအား
မီးသတ်ဦးစီးဌာန၏ အကူအညီဖြင့် သင်တန်းပေးခြင်း၊ အသိပညာပေးခြင်း၊ မီးငြှိမ်းသတ်ရေး သရုပ်ပြအစီအစဉ်များ
ဆောင်ရွက်ခြင်း၊ သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်ကြရပါမည်။
မိုးသည်းထန်စွာရွာသွန်းခြင်း
မိုးဦးကာလနှင့်
မိုးနှောင်းကာလများတွင် မိုးသည်းထန်စွာ ရွာသွန်းတတ်ပါသည်။ မိုးရာသီ၌ မိုးရွာသွန်းခြင်းသည်
ဖြစ်ရိုးဖြစ်စဉ်ဖြစ်သော်လည်း တစ်ခါတစ်ရံ အချိန်အခါမဟုတ် မိုးများရွာသွန်းတတ်ပါသည်။
ယခုတစ်လော၌ တိုင်းဒေသကြီးများနှင့် ပြည်နယ်အချို့တွင် မိုးတိမ်တောင်ကြီးများ ဖြစ်ထွန်းလျက်ရှိပြီး
အဆိုပါမိုးတိမ်တောင်ကြီးများ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ
လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့်
မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ကြပါရန်
မိုးလေဝသနှင့် ဇလဗေ ဦးစီးဌာနမှ အကြံပြုချက်များ ထုတ်ပြန်ပေးနေပါသည်။
မိုးသည်းထန်ခြင်းကြောင့်
စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးရခြင်း၊ ပုံမှန်စိုက်ပျိုးရမည့်ကာလတွင် မစိုက်ပျိုးနိုင်ခြင်း၊
ရေကြီးရေလျှံမှုများဖြစ်ပွားခြင်း၊ လမ်းတံတားများ၊ လူနေအိမ်ခြေများ၊ သဘာဝအရင်းအမြစ်များ၊
နိုင်ငံတော်၏ အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးခြင်း၊ တောင်ပြိုခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး
ပြတ်တောက်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့်
ပျက်စီးဆုံးရှုံးမှုနည်းပါးစေရန် မိုးလေဝသကြိုတင်ခန့်မှန်းချက်၊ သတိပေးချက်နှင့် အကြံပြုချက်များကို
လေ့လာ၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ထားရပါမည်။
မုန်တိုင်းတိုက်ခတ်ခြင်း
မြန်မာနိုင်ငံတွင်
၁၉၉၄ ခုနှစ်က ရခိုင်ပြည်နယ် မုန်တိုင်း၊ ၂၀၀၈ ခုနှစ်က ဧရာဝတီနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်
လေတိုက်နှုန်း တစ်နာရီလျှင် ၁၄၅ မိုင်နှုန်းတိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း၊ ၂၀၂၃
ခုနှစ် မေလက ရခိုင်ပြည်နယ်တွင် တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလက
တိုက်ခတ်ခဲ့သည့် ရာဂီမုန်တိုင်းတို့က အပြင်းထန်ဆုံးနှင့် ဆုံးရှုံးမှုအများပြားဆုံး
ဖြစ်ခဲ့ပါသည်။ ဆုံးရှုံးမှုတန်ဖိုးများမှာ နာဂစ်မုန်တိုင်းကြောင့် ကျပ် ၁၁ ထရီလီယံကျော်နှင့်
လူပေါင်း ၁၄၀၀၀၀ ကျော် သေဆုံးခဲ့ခြင်း၊ မိုခါမုန်တိုင်းကြောင့် ကျပ် ၅၃၄ ဒသမ ၁၄၆ ဘီလီယံကျော်နှင့်
ရာဂီမုန်တိုင်းကြောင့် ကျပ် ၄၆၆ ဒသမ ၂၃၁ ဘီလီယံကျော် ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ ရုပ်ဝတ္ထုပစ္စည်းများ
ဆုံးရှုံးခဲ့ရသည့်အပြင် လူနှင့် အိမ်မွေးတိရစ္ဆာန်များနှင့် အခြားပျက်စီးဆုံးရှုံးမှုများစွာ
ဖြစ်ပေါ်ခဲ့ရပါသည်။
မိုးလေဝသသတင်းများကို
အမြဲနားထောင်၍ ကြိုတင်ပြင်ဆင်ထားခြင်း၊ ပတ်ဝန်းကျင်အား အသိပေးမျှဝေခြင်း၊ အရေးပေါ်သုံးပစ္စည်းများနှင့်
သက်ကယ်ပစ္စည်းများ ကြိုတင်ပြင်ဆင်ထားခြင်း၊ အရေးပေါ်ပြောင်းရွှေ့နိုင်မည့်နေရာ၊ လမ်းကြောင်းနှင့်
မိသားစုဆုံရပ်များ ကြိုတင်သတ်မှတ်၍ အသိပေးထားခြင်း၊ အရေးပေါ်သုံးပစ္စည်း၊ ဆေးဝါး၊ ရိက္ခာခြောက်၊
အရေးကြီးစာရွက်စာတမ်းများကို မိမိနှင့်အတူထားရှိခြင်း၊ မိသားစုများနှင့်ကွဲသွားပါက
ပြန်လည်ဆက်သွယ်နိုင်မည့် အစီအစဉ်များကို အသိပေးထားခြင်း၊ မုန်တိုင်းတိုက်ခတ်ပြီးဆုံးသွားပါက
နေအိမ်ပျက်စီးမှု၊ ခိုင်ခံ့မှုများနှင့် အဆိပ်ရှိတိရစ္ဆာန်များ ရှိ မရှိ စစ်ဆေးခြင်း၊ သန့်ရှင်းသောသောက်သုံးရေ၊
ရေသန့်၊ ကျိုချက်ထားသော ရေများကိုသာ သောက်သုံးခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်
ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်ရပါမည်။
ငလျင်လှုပ်ခြင်း
သဘာဝဘေးအန္တရာယ်အချို့သည်
ကြိုတင်သိရှိနိုင်၍ တိုင်းတာတွေ့ရှိချက်များကို ကြိုတင်သတိပေးမှုများအရ သိရှိနိုင်သော်လည်း
ငလျင်လှုပ်ခြင်းမှာ မည်သည့်အချိန်၊ မည်သည့်ဒေသတွင် အင်အားမည်မျှဖြင့် လှုပ်ခတ်မည်ကို
ကြိုတင်ခန့်မှန်း၍ မရနိုင်သေးပါ။ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေးဖြင့်
လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် လူနေအိမ်ခြေများ၊ လမ်း၊ တံတား၊ အဆောက်အအုံများစွာ
ပျက်စီးခဲ့ရပြီး ကျပ် ၃၆၂၉ ဒသမ ၂၈၈ ဘီလီယံကျော် ဆုံးရှုံးခဲ့ရပါသည်။ ထို့ပြင် ပြည်သူများ၏
အသက်များကိုပါ ပေးဆပ်လိုက်ရသည့် သဘာဝဘေးအန္တရာယ်ကြီးဖြစ်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင်
စစ်ကိုင်း၊ ကဘော်၊ မြောက်ဦး၊ ကျောက်ကြမ်း ပြတ်ရွေ့ကြီး လေးခုရှိရာ ထိုငလျင်ကြောများနှင့်
နီးစပ်သည့်ဒေသတွင် နေထိုင်သူများက မလှုပ်ခတ်မီ မည်ကဲ့သို့ ပြင်ဆင်ထားရမည်ကို လေ့လာထားခြင်း၊
လှုပ်ခတ်ပါက ပြုမူနေထိုင်ရမည့် နည်းလမ်းများ၊ လှုပ်ခတ်ပြီးချိန်တွင် ဆောင်ရွက်ရမည့်
အစီအစဉ်များကို မိသားစုနှင့် ပတ်ဝန်းကျင်ကို အသိပေးထားခြင်း၊ ငလျင်လှုပ်ခတ်ပြီးပါက
အစိုးရမှထုတ်ပြန်သည့် သတင်းများကို နားထောင်၍ အသိပေးချက်၊ အကြံပြုချက်များကို လိုက်နာဆောင်ရွက်ခြင်း၊
အင်အားကြီးမားသည့် ငလျင်ကြီးများ လှုပ်ခတ်ပြီးပါက နောက်ဆက်တွဲငလျင်များ ဆက်လက်လှုပ်ခတ်တတ်သည်ကို
သတိပြုခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးခြင်း၊ ခန္ဓာကိုယ်ကျန်းမာရေး၊
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဂရုပြုခြင်းတို့ကို ဆောင်ရွက်ကြရပါမည်။
လူသားတို့သည် သဘာဝပတ်ဝန်းကျင်များအပေါ်
မှီတင်းနေထိုင်ကြရသကဲ့သို့ သဘာဝဘေးအန္တရာယ်များ၏ ဆိုးကျိုးများကိုလည်း ခံစားကြရပါသည်။
သဘာဝဘေးအန္တရာယ်များသည် ရပ်တန့်ထား၍မရ၊ တားဆီးထား၍ မရနိုင်ပါ။ ပျက်စီးဆုံးရှုံးမှုမရှိစေရေးနှင့်
အနည်းနိုင်ဆုံးဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။
မိုးလေဝသနှင့်
ဇလဗေဒဦးစီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် သတိပေးနှိုးဆော်ချက်၊ အကြံပြုချက်များ ထုတ်ပြန်ပေးခြင်း၊
အသိပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
သဘာဝဘေးအန္တရာယ်
ကြိုတင်ကာကွယ်ရေးအတွက် သတင်းစာများ၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ အွန်လိုင်းမီဒီယာများမှ
အချိန်နှင့်တစ်ပြေးညီ အသိပေးဖော်ပြလျက်ရှိရာ အမြဲမပြတ်လေ့လာ၍ လိုက်နာဆောင်ရွက်သွားကြခြင်းဖြင့်
သဘာဝဘေးအန္တရာယ်များကို အစဉ်သတိပြု၍ ကာကွယ်သွားနိုင်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။
။
No comments:
Post a Comment