Sunday, August 16, 2026

မန္တလေးမြို့၌ လူသစ်တန်းစက်ဘီးစီးပြိုင်ပွဲတွင် အားကစားသမား ၄၉၁ ဦး ပါဝင်ယှဉ်ပြိုင်



မန္တလေး ဩဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးသစ်တောဦးစီးဌာန၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မန္တလေးမြို့ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) မှ အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) အထိ စီးနင်းယှဉ်ပြိုင်ရသည့် Mountain Bike (MTB) လူသစ်တန်းစက်ဘီးစီးပြိုင်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) ရှေ့၌ ကျင်းပရာ အသက် ၆၀ နှင့်အထက် ၁၂ ဦး အပါအဝင် အသက် ၁၆ နှစ်နှင့်အထက် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၄၉၁ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်ပေးသည်။

ပြိုင်ပွဲ စတင်တာလွှတ်ပေးသည်နှင့် ပြိုင်ပွဲဝင်များသည် တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) မှ အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) အထိ ၄၃ မိုင် ခရီးကို သတ်မှတ်လမ်းကြောင်း များအတိုင်း စီးနင်းယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲအပြီးတွင် တာဝန်ရှိသူများက ဆုရရှိသူများကို ဆုများ ထိုက်တန်စွာ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲကို စက်ဘီးစီးအားကစားလှုပ်ရှားမှု ပိုမိုမြှင့်တင်ပေးနိုင်ရန်၊ နိုင်ငံ့ ဂုဏ်ဆောင်နိုင်မည့် ထူးချွန်သောစက်ဘီးစီးအားကစားသမားများ ပိုမိုပေါ်ထွက်လာစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူပြုနိုင်ရန်၊ ဥယျာဉ်နှစ်ခု၏ သဘာဝဝန်းကျင်နှင့် ရာသီဥတုအခြေအနေအလိုက် တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ ထိန်းသိမ်းစောင့်ရှောက်မှုအပေါ် ပိုမိုသိရှိစိတ်ဝင်စားလာစေရန်၊ ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

သတင်းစဉ်

No comments:

Post a Comment