နေပြည်တော် ဩဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇူလိုင် ၃၀ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှု ဖြစ်ပွားခဲ့ရာ ယနေ့အထိ လေးမျက်နှာမြို့ မြို့ပေါ်ရပ်ကွက် ငါးခု၊ မြို့တွင်းလမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၁၂၄ ရွာ၊ ဟင်္သာတမြို့နယ် ၃၇ ရွာ၊ ရေကြည်မြို့ပေါ်ရပ်ကွက်လေးခုနှင့် ပတ်ဝန်းကျင်ကျေးရွာ ၂၇ ရွာ၊ ငသိုင်းချောင်းမြို့ မြို့ပေါ် ရပ်ကွက် နှစ်ခု၊ ကျုံပျော်မြို့ မြို့ပေါ်ရပ်ကွက် နှစ်ခုနှင့် ပတ်ဝန်းကျင်ကျေးရွာ ၁၁ ရွာ၊ ကျောင်းကုန်းမြို့ မြို့ပေါ်ရပ်ကွက် နှစ်ခုနှင့် ပတ်ဝန်း ကျင်ကျေးရွာနှစ်ရွာ စုစုပေါင်းမြို့ပေါ် ရပ်ကွက် ၁၅ ခုနှင့် ကျေးရွာ ၂၀၁ ရွာသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သည်။ ထို့ကြောင့် အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ စုပေါင်း၍ ရေဘေး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ ရေဘေးသင့်ပြည်သူများအား ရှာဖွေကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ငဝန်ပန်းတာမှ ရေဝင်လမ်းထိန်းချုပ်ကာကွယ် နိုင်ရန်အတွက် ငဝန်ပန်းတာ ရေဝင်လမ်းအား (Geobags) အိတ်များချခြင်း၊ မျောတုတ်တန်းများ အတွင်း သဲအိတ်များဖြည့်၍ ကာကွယ်ခြင်း၊ Steel Sheet Pile ရိုက်သွင်းခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်နေမှုများကို
အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်

No comments:
Post a Comment