Tuesday, August 25, 2026

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် လူငယ်တွေ့ဆုံပွဲနှင့် လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ

 

စစ်ကိုင်း ဩဂုတ် ၂၄

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်တွေ့ဆုံပွဲနှင့် လူငယ်အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ကျင်းပပြီး စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိမိကျော်က “လူငယ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟို ကော်မတီဒုတိယဥက္ကဋ္ဌ(၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက အမှာစကားပြောကြားခြင်း၊ “၂၀၂၆ ခုနှစ် အပြည်ပြည် ဆိုင်ရာလူငယ်များနေ့” အထိမ်းအမှတ် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ချက်မှတ်တမ်း Video Clip ကို ပြသခြင်းများ ဆောင်ရွက် ကြသည်။

ထို့ပြင် ဟောပြောဆွေးနွေးချက်များအပေါ် တက္ကသိုလ်အသီးသီးမှ ကျောင်းသား ကျောင်းသူ လူငယ်များကသိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက ပြန်လည်ဖြေကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်းထံ အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment