နေပြည်တော် ဩဂုတ် ၂၁
ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ထိုင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံစစ်သံရုံးရှိ ဝန်ထမ်းများနှင့်မိသားစုများ၊ ပညာတော်သင်သင်တန်းသားများအား ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ တည်းခိုရာ ဟိုတယ်ဧည့်ခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားသည်။
တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ
ဇနီးဒေါ်နီလာ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊
မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ဝင်းသူလင်းနှင့် တာဝန်ရှိသူများ၊
သံရုံးမိသားစုများ၊ သင်တန်းသားများတက်ရောက်ကြသည်။
ဦးစွာ စစ်သံရုံးဝန်ထမ်းများနှင့်သင်တန်းသားများက
တစ်ဦးချင်းမိတ်ဆက်၍ သံရုံးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်
သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
အမှာစကားပြောကြားရာတွင် နိုင်ငံတော်ကိုကာကွယ်ရမည်ဟူသော အသိစိတ်၊ နိုင်ငံချစ်စိတ်ဖြင့်
နိုင်ငံတော်၊ တပ်မတော်နှင့် မိသားစုအပေါ်သစ္စာစောင့်သိကြရန်လိုကြောင်း၊
ပညာတော်သင်ရောက်ရှိနေခြင်းသည် နိုင်ငံ့တာဝန်ထမ်းဆောင်နေခြင်းပင်ဖြစ်၍ နိုင်ငံအတွက်၊
တပ်မတော်အတွက် အကျိုးရှိအောင် ပြန်လည်အသုံးချနိုင်သည့်အထိ ကြိုးစားသင်ယူသွားကြရန်လိုကြောင်း၊
သင်ယူသည့် ဘာသာရပ်များမှတစ်ဆင့် ပိုမိုမြင့်မားသည့် အသိပညာ၊ အတတ်ပညာများ
သင်ယူနိုင်ရေးမျှော်မှန်း၍ လေ့လာသွားကြရန်လိုကြောင်း၊ တာဝန်ထမ်းဆောင်ချိန်နှင့်
သင်တန်းကာလတစ်လျှောက် တွေ့ကြုံရသည့်နိုင်ငံတကာ ဆက်ဆံရေးအတွေ့အကြုံကောင်းများကို
ကောင်းမွန်စွာရရှိရေး လေ့လာသင်ယူသွားရန်လိုကြောင်း၊ နေထိုင်စဉ်ကာလအတွင်း
သက်ဆိုင်ရာနိုင်ငံ၏ ဘာသာစကားကို ကျွမ်းကျင်အောင်လေ့ကျင့်သင်ယူသွားရန်နှင့်
ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ဥပဒေများကိုသိရှိအောင်လေ့လာ၍ စည်းကမ်းနှင့်အညီ
နိုင်ငံနှင့်တပ်မတော်၏ ဂုဏ်သိက္ခာအတွက် စနစ်တကျနေထိုင်သွားကြရန် လိုကြောင်း။
မြန်မာ - ထိုင်း နှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး
ယခင်ကတည်းက နှစ်နိုင်ငံခေါင်းဆောင်များ ချစ်ကြည်ရင်းနှီးမှုများရှိခဲ့ကြောင်း၊
တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်နှင့်တပ်မတော်အတွက်
ကိုယ်စားဆောင်ရွက်နေကြ သူများဖြစ်သောကြောင့် မိသားစုစိတ်ဓာတ်ဖြင့်
စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် နေထိုင်ကြရန်လိုကြောင်း၊ မိမိတို့တာဝန်ယူရသည့်ကဏ္ဍအလိုက်
နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေးနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်မြှင့်တင်ရာတွင်
စံနမူနာပြဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ကြရန်လိုကြောင်း၊ သင်တန်းသားများအနေဖြင့်
သင်ကြားပေးသည့် အတတ်ပညာများကို အလေးအနက်ထား သင်ယူသွားကြရန်လိုပြီး အမြဲမပြတ်လေ့လာအားထုတ်
နေကြရမည်ဖြစ်ကြောင်း၊ သင်ယူရရှိလာသည့် အသိပညာ၊ အတတ်ပညာများကို
မိမိတို့နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကဏ္ဍများတွင်
ထိရောက်စွာပြန်လည်အသုံးချကြရန်၊ မိမိနိုင်ငံအတွက်အားကိုးရသည့်
ထူးချွန်သူများဖြစ်အောင် ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်သံရုံးမိသားစုများ၊ သင်တန်းသားများအတွက် စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများကိုပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြသည်။ တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တက်ရောက်လာကြသည့် သံရုံးမိသားစုများနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment