Friday, August 21, 2026

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ မြဘုရားသို့သွားရောက်ဖူးမြော်ကြည်ညို၊ ထိုင်းဘုရင့်တပ်မတော်(လေ) အမျိုးသားလေကြောင်းထိန်းသိမ်းမှုပြတိုက်နှင့် ထိုင်းဘုရင့်တပ်မတော်ဖွံ့ဖြိုးရေးဌာနချုပ်သို့ သွားရောက်လေ့လာ

 

နေပြည်တော် ဩဂုတ် ၂၁

(၉)ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (9th Thailand- Myanmar High Level Committee Meeting) ကို တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ထိုင်းဘုရင့်နန်းတော်ဝင်းအတွင်းရှိ မြဘုရား (Temple of Emerald Buddha) သို့သွား ရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းဘုရင့်နန်းတော်သို့ရောက်ရှိကြရာ ထိုင်းဘုရင့်နန်းတွင်းကိုယ်စားလှယ်အရာရှိကြီးများမှ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းဘုရင့်နန်းတော်ဝင်းအတွင်း လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက ဘုရင့်နန်းတော်ဆိုင်ရာများနှင့် မြဘုရားဆိုင်ရာတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မြဘုရားကျောင်းဆောင်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်းန်ဆက်ကပ်၍ ဖူးမြော်ကြည်ညိုသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မြဘုရားအတွက်ဘက်စုံအလှူ တော်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူကြပြီး ဓမ္မလက်ဆောင်ပြန်လည်ပေးအပ်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြဘုရားကျောင်းဆောင်အား လက်ယာရစ်လှည့်လည်ပူဇော်ပြီး တာဝန်ရှိသူများက မြဘုရားနှင့်သာသနိကအဆောက်အဦများ၏ သမိုင်းကြောင်းများ ရှင်းလင်းတင်ပြမှုအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် ဒွန်မောင်းခရိုင်ရှိ ထိုင်းဘုရင့်တပ်မတော်(လေ) အမျိုးသားလေကြောင်းထိန်းသိမ်းမှုပြတိုက်သို့ သွားရောက် လေ့လာကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြတိုက်သို့ရောက်ရှိကြရာ ပြတိုက်တာဝန်ခံနှင့်တာဝန်ရှိသူများကကြိုဆိုကြသည်။ ထို့နောက် တာဝန်ရှိသူတစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြတိုက်ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြတိုက်အတွင်း/အပြင်ရှိ ပြကွက်များတွင်ပြသထားသည့် လေယာဉ်များ၊ တိုက်လေယာဉ်များ၊ ဟယ်လီကော်ပတာများ၊ ထိုင်းဘုရင့်မိသားစုနှင့် အထူးဧည့်သည်တော်များ စီးနင်းခဲ့သည့် သမိုင်းဝင်အထူးလေယာဉ်များ၊ လေယာဉ်မောင်းနှင်မှုပုံစံတူစက်များ၊ လေတပ်စကားပြောစက်များ၊ လက်နက်ကိရိယာများနှင့် စစ်ဝတ်စုံများ၏ ပြောင်းလဲလာပုံများကို လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်း လင်းပြသကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းဘုရင့်တပ်မတော်(လေ) အမျိုးသားလေကြောင်းထိန်းသိမ်းမှုပြတိုက်မှ တာဝန်ရှိသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

အဆိုပါ ထိုင်းဘုရင့်တပ်မတော်(လေ) အမျိုးသားလေကြောင်းထိန်းသိမ်းမှုပြတိုက် (National Aviation Museum of the Royal Thai Air Force)သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ Don Mueang ခရိုင်ရှိ ဒွန်မောင်းထိုင်းဘုရင့်လေတပ်စခန်း၌တည်ရှိပြီး ထိုင်းဘုရင့်တပ်မတော်(လေ)မှ အသုံးပြုခဲ့သည့် လေယာဉ်အမျိုးမျိုးနှင့် အခြားသောလေကြောင်းဆိုင်ရာကိရိယာများကို စုဆောင်းရန်၊ ထိန်းသိမ်းရန်နှင့် ပြန်လည်ပြင်ဆင်မွမ်းမံရန်ရည်ရွယ်၍ ၁၉၅၂ ခုနှစ်တွင် စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ ပထမဆုံးဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့သော ဗုံးကြဲလေယာဉ် Baribatra Bomber ၊ ကမ္ဘာပေါ်တွင် နောက်ဆုံးကျန်ရှိတော့သည့် Curtiss Hawk III နှင့် Tachikawa Ki-36 ကဲ့သို့သော ဒုတိယကမ္ဘာစစ်ခေတ် ရှားပါးစစ်လေယာဉ်များ၊ F-5A F-16A နှင့် Gripen တိုက်လေယာဉ်များ၊ စစ်ဘက်သုံးရဟတ်ယာဉ်များ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်များကို ခင်းကျင်းပြသထားပြီး လေတပ်စခန်းသုံးပစ္စည်းများ၊ ခေတ်အဆက်ဆက် လေသူရဲယူနီဖောင်းများ၊ စစ်ဘက်သုံးဆက်သွယ်ရေး ကိရိယာများနှင့် လေကြောင်းဆိုင်ရာစာကြည့်တိုက်တို့ကိုလည်း ထည့်သွင်းပြသထားကြောင်း သိရှိရသည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းတွင်လည်း ထိုင်းနိုင်ငံ န်ကောက်မြို့ရှိ ထိုင်းဘုရင့်တပ်မတော်ဖွံ့ဖြိုးရေးဌာနချုပ်သို့ သွားရောက်လေ့လာကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းဘုရင့်တပ်မတော် ဖွံ့ဖြိုးရေးဌာနချုပ်သို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက်ဌာနချုပ်အစည်းအဝေးခန်းမတွင် တော်ဝင်စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးရုံး ညွှန်ကြားရေးမှူးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဌာနချုပ်သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များ မှတ်တမ်းဗီဒီယိုကိုပြသသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဌာနချုပ်အတွင်းရှိ ထိုင်းဘုရင်များ၏ သမိုင်းကြောင်းဆိုင်ရာပြခန်းများ၊ ရေစီမံခန့်ခွဲမှုနှင့်တော်ဝင်စီမံကိန်းအရ တည်ဆောက်ခဲ့သောဖွံ့ဖြိုးရေးလေ့လာရေးစင်တာများပြခန်း၊ ဖွံ့ဖြိုးရေးစီမံကိန်းကွန်ရက်ရှိ နယ်စပ်ဒေသများရှိ အခြေခံအဆောက်အအုံတည်ဆောက်ရေးဆိုင်ရာ ဒေတာများနှင့် စီမံကိန်းတိုးတက်မှုပြသထားသည့် မြေပုံ/စနစ်များပြခန်း၊ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ စက်ယန္တရားများ၊ ဆက်သွယ်ရေးနှင့်နည်းပညာပြခန်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးဗဟိုဌာနပြခန်းတို့ကို စိတ်ဝင်စားစွာကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းဘုရင့်တပ်မတော်ဖွံ့ဖြိုးရေး ဌာနချုပ်မှတာဝန်ရှိသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

ထို့အတူ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာသည် အဖွဲ့ဝင်များလိုက်ပါ၍ ဩဂုတ် ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ န်ကောက်မြို့ရှိ စစ်မှုထမ်းဟောင်း အထွေထွေရောဂါကုဆေးရုံကြီး (Veterans General Hospital) သို့သွားရောက် ကြည့်ရှုလေ့လာကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်နီလာနှင့်အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်း အထွေထွေရောဂါကုဆေးရုံကြီးသို့ ရောက်ရှိကြရာ ဆေးရုံမှတာဝန်ရှိသူများက ဆေးရုံအစည်းအဝေးခန်းမတွင် ဆေးရုံသမိုင်းမှတ်တမ်းဆိုင်ရာများ၊ ဆေးဝါးကုသပေးမှုနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို Video Presentation ဖြင့် ရှင်းလင်းတင်ပြမှုကိုကြည်ရှုကြသည်။ ယင်းနောက် ဆေးရုံအတွင်း သစ်သားပန်းပုနှင့်ထိုင်းရိုးရာ Oshie လက်မှုအနုပညာ လုပ်ဆောင်မှုများကို လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါ စစ်မှုထမ်းဟောင်းအထွေထွေရောဂါကုဆေးရုံကြီး (Veterans General Hospital-VGH) သည် ဗန်ကောက်မြို့ Phaya Thai မြို့နယ်ရှိ Vibhavadi Rangsit လမ်းမကြီးပေါ်တွင်တည်ရှိသော အစိုးရအထူးကုဆေးရုံကြီးတစ်ခုဖြစ်ပြီး စစ်မှုထမ်းဟောင်းများစောင့်ရှောက်ရေးအဖွဲ့အစည်း (War Veterans Organization of Thailand-WVO)၏လက်အောက်တွင် စစ်ပွဲများနှင့် တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသော စစ်မှုထမ်းဟောင်းများ၊ မသန်စွမ်းဖြစ်သွားခဲ့သည့် ရဲဘော်များနှင့် ၎င်းတို့၏မိသားစုဝင်များကို ဆေးကုသမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျထောက်ပံ့ကူညီပေးနိုင်ရန် ၁၉၇၀ ပြည့်နှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment