နေပြည်တော် ဩဂုတ် ၂၇
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ယနေ့မွန်းလွဲပိုင်းတွင် စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်တို့ရှိ နည်းပြများနှင့် ဗိုလ်လောင်းများ၊ ဘွဲ့လွန်သင်တန်းသားများနှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်များအား စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
တွေ့ဆုံပွဲသို့
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်နီလာ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊
ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ၊ နည်းပြများနှင့် ဗိုလ်လောင်းများ၊
ဘွဲ့လွန်သင်တန်းသားများနှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။
ဦးစွာ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ပြင်ဦးလွင်တပ်နယ်ရှိ
တပ်ဖွဲ့အသီးသီးမှ တပ်မတော်သားများအနေဖြင့် လုံခြုံရေးအရအရေးကြီးချိန်တွင်
တပ်မတော်သားပီသစွာဖြင့် လုပ်ငန်းတာဝန်မခွဲခြားဘဲ စစ်ဆင်ရေးနှင့်
လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ရွပ်ရွပ်ချွံချွံတာဝန်ထမ်းဆောင်ခဲ့၍ အလေးထားအသိအမှတ်ပြုပါကြောင်း၊
ထို့အပြင် ပြင်ဦးလွင်သည် ရာသီဥတုအရ၊ နယ်မြေအရတပ်မတော်၏ လေ့ကျင့်ရေးဘူမိနက်သန်ဖြစ်သည့်အတွက်
လေ့ကျင့်ရေးပိုင်းဆိုင်ရာများတွင် စံနမူနာပြဖြစ်ရန် အမြဲတမ်းကြိုးစားဆောင်ရွက်နေရန်လိုကြောင်း။
တပ်မတော်၏
အဓိကတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ၁၉၈၈
ခုနှစ်နှင့် ၂၀၂၁ ခုနှစ် မြေပေါ်မြေအောက်အဖျက်သမားတို့၏
တိုင်းပြည်ဆူပူအံ့ဩစေမှုနှင့် မင်းမဲ့စရိုက်ဆန်သော လုပ်ရပ်များကြောင့်
ဆိုးရွားစွာဖြင့် တိုင်းပြည်ပြိုကွဲမည့် အခြေအနေတွင် တပ်မတော်အနေဖြင့်
နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အပြည့်အဝအချိန်မီတာဝန်ယူခဲ့ရကြောင်း၊ ထို့သို့
ကာကွယ်စောင့်ရှောက်နိုင်ရန်မှာ တပ်မတော်အနေဖြင့် စွမ်းရည်ထက်မြက်သည့်
တပ်မတော်ဖြစ်နေရန်အရေးကြီးကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကို
ကာကွယ်နိုင်ရန်အတွက် ၂၀၁၁ ခုနှစ်တွင် လေ့ကျင့်ရေးမူဝါဒအဖြစ်ချမှတ်ခဲ့သည့်
ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်ရမည်၊ ရဲစွမ်းသတ္တိရှိရမည် စသည့် အချက် ၃ ချက်ကို
ခေါင်းဆောင်များ မွေးထုတ်ပေးသည့် တက္ကသိုလ်များနှင့်
လေ့ကျင့်ရေးကျောင်းများအနေဖြင့် စနစ်တကျလေ့ကျင့်ပေးနေရန်လိုကြောင်း။
စစ်တက္ကသိုလ်သည်
လေ့ကျင့်ရေးနှင့်ပတ်သက်ပြီး လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသည့် အရာရှိများ
မွေးထုတ်ပေးရန်ဖြစ်ပြီး ၎င်း၏အဓိကတာဝန်မှာ စစ်ဘက်ဆိုင်ရာခေါင်းဆောင်များ
မွေးထုတ်ပေးခြင်းဖြစ်ကြောင်း၊ စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်တို့သည်
ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အသီးသီးရှိသော်လည်း အရည်အချင်းရှိသူများအား
မွေးထုတ်ပေးသည့် တက္ကသိုလ်များဖြစ်ကြောင်း၊ အရာရှိကောင်းများဖြစ်စေရန်
ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနှင့်
ခေါင်းဆောင်မှုစွမ်းရည်ပါ ပြည့်ဝရန်လိုအပ်ပြီး Training နှင့် ပတ်သက်ပြီး အလေးထားလုပ်ဆောင်ရန်လိုအပ်ကြောင်း။
စစ်ခေါင်းဆောင်များသည်
စဉ်းစားဆင်ခြင်တုံတရားနှင့် သတ္တိရှိရှိတည်ငြိမ်စွာဖြင့် မှန်ကန်သော
ဆုံးဖြတ်ချက်ချမှတ်နိုင်သည့် စစ်ခေါင်းဆောင်များဖြစ်ရန်လိုပြီး
လေ့ကျင့်ရေးအပိုင်းနှင့် ပတ်သက်လျှင် ပေါ့ပေါ့တန်တန်မလုပ်ရန်လိုကြောင်း၊
လက်ရုံးရည်၊ နှလုံးရည်နှင့် စဉ်းစားဆုံးဖြတ်နိုင်သည့် အတွေးအခေါ်
ကြံ့ခိုင်သူများဖြစ်ရန် လိုအပ်ကြောင်း။
နည်းပြများသည်
သင်တန်းသားများ စိတ်ဓာတ်၊ စည်းကမ်း၊ ကောင်းမွန်အောင် ထိန်းကျောင်းလေ့ကျင့်
သင်ကြားပေးရသည့် တာဝန်ရှိကြောင်း၊ အရည်အချင်းပြည့်ဝသည့် သင်တန်းသားများ
ပေါ်ထွက်လာစေရန်အတွက် နည်းပြများသည် အရည်အချင်းပြည့်ဝရမည်ဖြစ်ပြီး
လေ့ကျင့်ပေးသူများ၏ အရည်အချင်းပေါ်မူတည်၍ လေ့ကျင့်ခံရသူများ၏ အရည်အသွေးများ
ပြောင်းလဲမည်ကို သတိပြုရန်လိုကြောင်း၊ နည်းပြကောင်းတစ်ဦးရရှိရန်
ချက်ချင်းလုပ်ယူ၍မရဘဲ အတွေ့အကြုံရှိရန်လိုအပ်သကဲ့သို့ စာပေပညာဖြစ်စေ၊ စစ်ပညာဖြစ်စေ
နည်းပြများ၏ အတွေ့အကြုံရှိမှုသည် အရေးကြီးကြောင်း၊ နှလုံးရည်ပြည့်ဝသည့်
အရာရှိများဖြစ်အောင် စာပေပညာပိုင်းကလည်း အရည်အချင်းပြည့်ဝအောင်သင်ပေးရသကဲ့သို့
လေ့ကျင့်ရေးပညာပိုင်းတွင်လည်း တပ်စုမှူးတာဝန်ထမ်းဆောင်နိုင်သည့်အဆင့်ထိ
သင်ကြားပေးရမည်ဖြစ်ကြောင်း။
ချွေးထွက်များမှ
သွေးထွက်နည်းမည်ဆိုသည့် ဆောင်ပုဒ်အတိုင်း လေ့ကျင့်ကြရမည်ဖြစ်ပြီး စစ်သားတစ်ယောက်ဖြစ်သည့်အတွက်
ခန္ဓာကိုယ်ကြံ့ခိုင်ရန် လေ့ကျင့်ရေးပိုင်းအားစနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊
လေ့ကျင့်သင်ကြားပေးသည့် စာပေပညာ၊ စစ်ပညာတို့ကို မှန်မှန်ကန်ကန်လိုက်နာဆောင်ရွက်မှသာလျှင်
သင်တန်းဆင်းပြီးနောက်ပိုင်း လက်တွေ့တာဝန်ထမ်းဆောင်ရာ၌ မိမိတာဝန်ယူထားသည့်
တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဗိုလ်လောင်းများအား
ညီအစ်ကိုသဖွယ် ကြည့်ရှုစောင့်ရှောက်ရန်၊ အမှန်တကယ်တတ်မြောက်အောင်
သင်ကြားပေးရန်နှင့် လမ်းမှားမရောက်ရှိစေရေးမှန်ကန်သည့် နည်းလမ်းများအား
ရွေးချယ်ဆုံးဖြတ်တတ်စေရေး လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း။
မည်သည့်တပ်ဖွဲ့တွင်
တာဝန်ထမ်းဆောင်သည်ဖြစ်စေ ခြေလျင်တပ်ကဲ့သို့ တိုက်ပွဲဝင်နိုင်အောင်
မိမိဘက်ကအသင့်ဖြစ်ရန်လိုကြောင်း၊ ထို့အပြင် ခံ၊ ခွာ၊ ချီ၊ တိုက် ဥပဒေများ၊ စစ်အခြေခံသဘောတရားများသည်
ပြောင်းလဲမှုမရှိဘဲ ၎င်းပေါ်တွင် အခြေခံ၍ စစ်အတတ်ပညာများ ပြောင်းလဲနေခြင်းဖြစ်ပြီး
စစ်မြေပြင်စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာရမည်ဖြစ်ကြောင်း၊
ပြောင်းလဲနေသည့်စစ်ပညာရပ်များနှင့် တိုးတက်လာသည့် နည်းပညာများအား
အမြဲတမ်းလေ့လာနေရမည်ဖြစ်ပြီး ပြောင်းလဲမှုများအား အံဝင်ခွင်ကျဖြစ်အောင်လေ့ကျင့်၍
ဥပဒေများအား လိုက်နာရန်လိုအပ်ကြောင်း၊ လေ့ကျင့်ရေးကျောင်းများတွင် “လေ့လာ၊
လေ့ကျင့်၊ လိုက်နာ” ဟူသည့် ဆောင်ပုဒ်ရှိပြီးဖြစ်၍ ယူနီဖောင်းဝတ်ဆင်ထားသည့်
ကာလတစ်ခုလျှောက်လုံးတွင် ၎င်းအချက် ၃ ချက်အား အမြဲတမ်းလိုက်နာဆောင်ရွက်နေရမည်ဖြစ်ကြောင်း။
အုပ်ချုပ်ရေးပိုင်းတွင်
ညီညွတ်မျှတစွာဖြင့် ကျောသား၊ ရင်သားမခွဲခြားဘဲ မျှမျှတတကွပ်ကဲအုပ်ချုပ်ရန်လိုပြီး
ကွက်ကျားမိုးရွာ၍မရကြောင်း၊ တတ်နိုင်သမျှ လူမှန်နေရာမှန် တာဝန်ပေးရန်လိုအပ်ပြီး
အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်အား အချိန်နှင့်တစ်ပြေးညီ မှန်မှန်ကန်ကန်
ဆောင်ရွက်ပေးရန်လိုကြောင်း၊ နည်းပြများသည် မိဘကိုယ်စားဖြစ်ပြီး
ဒုတိယမိဘများပင်ဖြစ်ကြောင်း၊ မိဘများကိုယ်စား ထိန်းကျောင်းပေးနိုင်ရေး စေတနာထားဆောင်ရွက်ရမည်ဖြစ်ကြောင်း။
တပ်တွင်းစည်းလုံးညီညွတ်ရေးနှင့်
တပ်နေပျော်ရေးအတွက် တပ်မှူးများ၊ အရာရှိများသည် လက်အောက်နှင့်အမြဲထိတွေ့နေရန်လိုကြောင်း၊
မိသားစုများ တပ်တွင်း၌ လိုက်ပါနေထိုင်ကြပြီး မိသားစုအသိုင်းအဝိုင်းတစ်ခုကို
တည်ဆောက်ရာတွင် သား/သမီးချင်း၊ နှမသားချင်း စာနာသည့် စိတ်များဖြင့် ခိုင်မာအောင်တည်ဆောက်ရမည်ဖြစ်ကြောင်း၊
ထို့အပြင် တပ်တည်ဆောက်ရေးအပိုင်းတွင် စိတ်ဓာတ်ကောင်းရန်လည်းလိုအပ်ပြီး
တပ်နေပျော်သည်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းမွန်လာမည်ဖြစ်ကြောင်း။
စည်းကမ်းပိုင်းဆိုင်ရာများအနေဖြင့်
အမိန့်နှင့် ညွှန်ကြားချက်များသည် စည်းကမ်းစနစ်တကျရှိစေရန်အတွက်
ထုတ်ပြန်ထားခြင်းဖြစ်ပြီး စစ်စည်းကမ်းပိုင်းဆိုင်ရာများတွင် လိုက်နာမှုမရှိပါက
တပ်တွင်းစည်းလုံးညီညွတ်မှုကို ထိခိုက်လာနိုင်မည်ဖြစ်ကြောင်း၊ စည်းကမ်းသည်
တပ်မတော်၏ ကျောရိုးဖြစ်သောကြောင့် စည်းကမ်းကောင်းလျှင်
တပ်မတော်သားကောင်းတစ်ဦးဖြစ်လာမည်ဖြစ်ပြီး တပ်မတော်သားကောင်းများပေါင်းလျှင်
စည်းကမ်းရှိသော တပ်မတော်ဖြစ်လာမည်ဖြစ်ကြောင်း၊ စည်းကမ်းတကျနေတတ်သည့် အကျင့်များကို
ဗိုလ်လောင်းဘဝမှစတင်၍ လေ့ကျင့်ရန်လိုအပ်ပြီး ရောင့်ရဲတင်းတိမ်နိုင်သည့်စိတ်ဖြင့်
လုပ်ငန်းတာဝန်ကို ကျေပွန်လိုစိတ်ဖြင့် တာဝန်ထမ်းဆောင်ရန်လိုကြောင်း။
ခေါင်းဆောင်မှုဆိုင်ရာအနေဖြင့်
ခေါင်းဆောင်မှုပညာရပ်သည် အလွန်အရေးကြီးပြီး အမိန့်နာခံတတ်မှု၊
စစ်စည်းကမ်းကောင်းမွန်မှုတို့နှင့် ပြည့်စုံသည့် နောက်လိုက်ကောင်းဖြစ်ခဲ့မှသာလျှင်
ခေါင်းဆောင်အဖြစ်သို့ ရောက်ရှိချိန်၌လည်း ပြည့်စုံကောင်းမွန်သည့် ခေါင်းဆောင်တစ်ဦးဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊
မိမိကွပ်ကဲမှုအောက်ရှိ အရာရှိ၊ စစ်သည်များအား ညီညွတ်မျှတမှုရှိသည့်
ခေါင်းဆောင်မှုပေးရန်လိုအပ်ပြီး မိမိကိုယ်တိုင်အနေဖြင့်လည်း အမိန့်နှင့် ညွှန်ကြားချက်များ၊
စည်းကမ်းများကို လိုက်နာရန်လိုအပ်ကြောင်း၊ ခေါင်းဆောင်သည့်သူများမှ အတ္တစိတ်ဖြင့်
တာဝန်ထမ်းဆောင်ပါက လက်အောက်ငယ်သားများ၏ ယုံကြည်မှုကို ရရှိနိုင်မည်မဟုတ်ကြောင်း။
မိမိတပ်၏
မြေပြင်အခြေအနေမှန်ကို သိအောင်ဆောင်ရွက်ရန်လိုပြီး လက်အောက်စစ်သည်မိသားစုများ၏
စိတ်ဓာတ်ရေးရာ၊ လူနေမှုအဝအခြေအနေများကို သိအောင်ဆောင်ရွက်၍ လိုအပ်ချက်များကို
တတ်နိုင်သမျှ ဖြည့်ဆည်းပေးရန်လိုကြောင်း၊ စစ်သည်၊ မိသားစုများ၏ ဗဟုသုတကြွယ်ဝစေရန်
စာအုပ်၊ စာပေများ ဖတ်စေချင်ပြီး ဗိုလ်လောင်းဘဝမှစ တတ်စွမ်းသမျှ မိမိကိုယ်ကိုကြိုးစားအားထုတ်ရန်လိုအပ်ကြောင်း၊
ဘွဲ့လွန်သင်တန်းများဖြစ်သော မဟာဘွဲ့သင်တန်း၊ ပါရဂူဘွဲ့သင်တန်းနှင့် ဘာသာစကားသင်တန်းများအနေဖြင့်လည်း
အချိန်၊ ငွေ၊ လုပ်အားများ များစွာရင်းနှီးမြှုပ်နှံထားသည့်အတွက်
ကြိုးစားအားထုတ်ကြရန်နှင့် စည်းကမ်းနှင့်အညီ နေထိုင်သွားကြရန် မှာကြားလိုကြောင်း။
ကျန်းမာကြံ့ခိုင်ရေးနှင့်
ပတ်သက်၍ အသက်အရွယ်လိုက်သင့်လျော်သည့် အားကစားများကို လုပ်ဆောင်နေရန်လိုကြောင်း၊
အားကစားဆိုသည်မှာ စနစ်တကျလုပ်ဆောင်ပါက တပ်မတော်စိတ်ဓာတ်ရေးရာမြှင့်တင်ရေးတွင်
များစွာအထောက်အကူရသည်ဖြစ်၍ စနစ်တကျလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ကိုယ်ခန္ဓာနှင့် စိတ်ဓာတ်ကိုပါ
ကျန်းမာကြံ့ခိုင်စေသည့် အားကစားပြိုင်ပွဲများကို အကျိုးရှိရှိလိုက်ပါလုပ်ဆောင်ရန်လိုကြောင်းဖြင့်
ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့်
နည်းပြများ၊ ဗိုလ်လောင်းများ၊ ဘွဲ့လွန်သင်တန်းသားများနှင့် အရာရှိ၊ စစ်သည်များအား
ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:
Post a Comment