နန္ဒဝင်း (ဆေး-၁)
လူသားတစ်ဦး မွေးဖွားသည်မှ အိုမင်းကာသေဆုံးသည်အထိ ဖြတ်သန်းခဲ့ရသော ဘဝခရီးတွင် တစ်ဦးနှင့်တစ်ဦး၊ တစ်ယောက်နှင့်တစ်ယောက်လိုအပ်ချက်များ၊ လိုအင်များ မတူညီနိုင်ကြပေ။ သို့သော် အခြေခံဇီဝကမ္မသဘောတရားအရ လိုအင်များကို ခွဲခြမ်းစိတ်ဖြာလိုက်ပါလျှင် အခြေခံလိုအင်များသည် သက်တမ်း၏ဆယ်စုနှစ်အလိုက် တူညီတတ်ကြသည်ကို တွေ့ရှိရပါသည်။
ပထမဆယ်နှစ်တွင် ကလေးတို့သည် ချစ်ခြင်းမေတ္တာကို အဓိကလိုအင်အဖြစ် တမ်းတတတ်ကြပါသည်။ မွေးဖွားသည်မှ အသက်ဆယ်နှစ်အကြား ကလေးငယ်ဘဝတွင် ချစ်ခြင်းမေတ္တာကို မှန်ကန်စွာရရှိခဲ့သောသူ၏ ဘဝလမ်းခရီးသည် အခြားအခြေအနေအရပ်ရပ်တူပါသော်လည်း ချစ်ခြင်းမေတ္တာကိုမှန်ကန်စွာ မရရှိခဲ့သူများနှင့် နှိုင်းယှဉ်ပါလျှင် အစစအရာရာ နှာတစ်ဖျား၊ နှီးတစ်ဖျား၊ ခေါင်းတစ်လုံးမကသာနေ၊ ကျောနေတတ်သည်ကို တွေ့ရပါသည်။
ဒုတိယဆယ်နှစ်အတွက် အဓိကလိုအင်မှာ အသိပညာအတတ်ပညာသင်ကြားမှုပင် ဖြစ်ပါသည်။ အသက်ဆယ်နှစ်မှနှစ်ဆယ်ကြား လူငယ်လေးဘဝတွင် အသိပညာအတတ်ပညာကို ကောင်းမွန်စွာသင်ကြားလေ့လာခွင့်ရသောသူများသည် ကျန်မရရှိသောသူများထက် ဘဝခရီးတောက်လျှောက်တွင် ပိုမိုအေးချမ်း ချောမွေ့သာယာစွာ အောင်မြင်မှုများကို ရရှိနိုင်သည်ကို သုံးသပ်မိပါသည်။
ထို့အတူပင် တတိယဆယ်နှစ်ကား မိတ်ဆွေကောင်း၊ စတုတ္ထဆယ်နှစ်ကား စီးပွားရေး၊ ပဉ္စမ ဆယ်နှစ်ကား နေရာဌာန၊ ဆဋ္ဌမဆယ်နှစ်ကား တပည့်ကောင်း၊ သတ္တမဆယ်နှစ်ကား နှလုံးသွင်းတတ်မှု၊ အဋ္ဌမဆယ်နှစ်ကား ကျန်းမာရေးဟူ၍ သုံးသပ်သိရှိရပါသည်။
အသက်ရှစ်ဆယ်ထက်ကျော်လွန်၍ နေရမူကား ဖြစ်သမျှအကြောင်းအရာတို့သည် ကံနှင့်ကံ၏ အကြောင်းတရားများကြောင့်၊ အကြောင်းကြောင့် အကျိုးပေးသည်ဟုမှတ်ယူကာ ဖြစ်သမျှကို အရှိအတိုင်းမြင်တတ်သော ဥပေက္ခာတရားသာ လိုအင်ဖြစ်ပေတော့သည်။
ကျွန်တော်တို့လူသားဘဝအစ ပထမဆယ်နှစ်တာကာလတွင် အခြေခံအားဖြင့် မွေးဖွားသည်မှ အသက်ငါးနှစ်အထိ မိဘဘိုးဘွားမိသားစုများ၏ လက်ဝယ်ကြီးပြင်းခဲ့ရပါသည်။ ထိုကာလများတွင်များသောအားဖြင့် အလွန်ပြင်းထန်သော ခံစားချက်များမှအပ ကျန်အတွေ့အကြုံတို့သည် မှတ်ဉာဏ်တွင် အမှတ်တရ မမှတ်မိတတ်ကြပေ။ ဆေးပညာအရ ထိုအဖြစ်အပျက်ကို သဘာဝအရ ကလေးဘဝမေ့လျော့ခြင်း (Natural Childhood amnesia) ဟု သတ်မှတ်တတ်ကြပါသည်။
လောကဓမ္မအစဉ်အလာအရ အသက်ငါးနှစ်မှ ဆယ်နှစ်ကြားကာလတွင် မူလတန်းအဆင့် ပညာရေးကိုသင်ကြားခဲ့ရရာ နေ့တစ်နေ့၏ နိုးကြားနေသော အချိန်အများစုသည် စာသင်ကျောင်းနှင့် ပတ်ဝန်းကျင်တို့တွင်သာ ကုန်ဆုံးခဲ့ရလေတော့သည်။ ထိုကာလကား မှတ်ဉာဏ်တို့ဖွံ့ဖြိုးကာ လေ့လာသင်ယူတွေးတောနိုင်စွမ်းတို့ စတင်ဖွံ့ဖြိုးချိန်ဖြစ်လေရာ ဘဝတွင် အမှတ်မထင်ရော မှတ်မှတ်ထင်ထင်ပါ သတိရတတ်စေသော ကာလတစ်ခုဟု သတ်မှတ်ထားကြပါသည်။
ထို့ကြောင့် ခေတ်သစ်မူလတန်းပညာရေး သင်ကြားမှုစနစ်တွင် အရေး၊ အဖတ်၊ အတွက် အချက်ပညာရပ်ဆိုင်ရာ အခြေခံများကို ၅၀ ရာခိုင်နှုန်း၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင်နှင့် သဟဇာတလိုက်လျောညီစွာ ဆက်ဆံတတ်ရေး၊ ခံစားချက် ခံယူချက်ရင့်သန်ရေးဆိုင်ရာ အခြေခံများကို ၃၀ ရာခိုင်နှုန်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အခြေခံသင်ကြားမှုများကို ၂၀ ရာခိုင်နှုန်းအထိ ပါဝင်ရမည်ဟု စတင်ဆွေးနွေးလာကြခြင်းဖြစ်ပေမည်။
စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး (Socio-emotional and physical learning) သင်ကြားခံရသော ကလေးများသည် ပညာရပ်ပိုင်းဆိုင်ရာများသာ ရာနှုန်းပြည့် သင်ကြားခွင့်ရသော အခြားအခြေအနေတူ ကလေးများထက် လူလတ် ပိုင်းကာလရောက်သောအခါ ၁၁ ရာခိုင်နှုန်းနီးပါး လူမှုရေး၊ စီးပွားရေး၊ အတွေးအခေါ်ပိုင်းဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုအဆင်ပြေအောင်မြင်ကြသည်ကို သုံးသပ်တင်ပြသူများရှိလာကြပါသည်။
ကျန်းမာရေးပညာပေးလုပ်ငန်းများတွင် အမူအကျင့်ပြောင်းလဲရေးသည် အဓိကရည်မှန်းချက် ဖြစ်ပါသည်။ ကျန်းမာသော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရန် အမူအကျင့်ကောင်းများ စွဲမြဲစွာဖြစ်ထွန်းရေးအတွက် အခြေခံအဆင့်လေးဆင့် လိုအပ်ပါသည်။ ပထမအဆင့်သည် ကောင်းမွန်စွာသတိပြုမိခြင်းဖြစ်ပါသည်။ ထိုမှတစ်ဆင့် ဒုတိယအဆင့် ပါဝင်လှုပ်ရှားလာကာ တစ်ဖန်တတိယအဆင့် ယုံကြည်သက်ဝင်မှုရရှိလာပြီး နောက်ဆုံးအဆင့် မိမိတို့ကျန်းမာရေးအတွက် မိမိတို့သည်လည်း တာဝန်ရှိသည်ဟူသော အသိစိတ်ရရှိခဲ့ပါလျှင် အောင်မြင်ပြီဟုဆိုရပေမည်။
လွန်ခဲ့သောနှစ်နှစ်ဆယ်နီးပါးက သွေးလွန်တုပ်ကွေးရောဂါများပြားစွာဖြစ်နေသော တိုက်နယ် လေးတစ်ခုတွင် မူလတန်းကျောင်းသားငယ်လေးများကိုအခြေပြု၍ ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ဖူးပါသည်။ ထိုအခါက ကလေးငယ်များ၏ တက်ကြွစွာပူးပေါင်းဆောင်ရွက်မှုဖြင့် ငါးနှစ်ဆက်တိုက် သွေးလွန်တုပ် ကွေးကြောင့် သေဆုံးသူမရှိသည့် ဝန်းကျင်တစ်ရပ်ကို တည်ဆောက်နိုင်ခဲ့ပါသည်။ ထိုသာမက ထိုအခါက ကလေးငယ်များသည် ယခုအခါ လူငယ်ခေါင်းဆောင်များအဖြစ် နယ်ပယ်အသီးသီးတွင် ရောက်ရှိနေကြရာ သူတို့သည်ပိုးလောက်လမ်းနှိမ်နင်းရေးကို ယနေ့တိုင်လုပ်ဆောင်နေဆဲဖြစ်ကာ သူတို့၏ပတ်ဝန်းကျင်တွင် ခြင်ကြောင့်ဖြစ်တတ် သောရောဂါများ ကင်းစင်နေကြသည်ကို ကြည်နူးဖွယ်ပြန်သိခွင့်ရခဲ့ပါသည်။ အပြုအမူမှသည် အလေ့အထ ထိုမှသည် ယဉ်ကျေးမှုတစ်ရပ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟူသော ဆိုရိုးစကားကို သတိရမိပါသည်။
မူလတန်းကျောင်းသားအဆင့်တွင် ကောင်းမွန်သော အမူအကျင့်များရရှိစေရေးလိုသကဲ့သို့ အလယ်တန်းကျောင်းသားဘဝ အသက်ဆယ်နှစ်မှ ဆယ့်ငါးနှစ်ဝန်းကျင်ကာလတွင် သက်သေခိုင်လုံ၍ မှန်ကန်သော သတင်းအချက်အလက်များရရှိရေးသည်လည်း အရေးပါလှပါသည်။ ဆိုခဲ့သလိုပင် ဘဝ၏ ဒုတိယဆယ်နှစ်တာကာလတွင် အသိပညာ အတတ်ပညာများ ကောင်းမွန်စွာရရှိရေးသည် ဘဝ၏အခြေခံလိုအင်ပင် ဖြစ်ပေသည်။
ဇီဝကမ္မပြောင်းလဲမှုအရ ထိုအချိန်တွင် ဆယ်ကျော်သက်ကလေးများသည် ဝေဖန်ပိုင်းခြားလိုစိတ်များ မြင့်တက်နေသောအချိန်ဖြစ်၍ သက်သေခိုင်လုံသော မြင်သာထင်သာလွယ်သည့် သက်သေပြနိုင်သော သတင်းအချက်အလက်များကို နှစ်သက်ယုံကြည်တတ်ကြပါသည်။ ကျွန်တော်တို့ငယ်စဉ်က ဆေးလိပ်ကြာရှည်သောက်၍ အဆုတ်ကင်ဆာဖြစ်ကာ သေဆုံးသွားသူ၏ အဆုတ်ကိုကြိုတင်ခွင့်ပြုချက်ဖြင့် ထုတ်ယူဆေးစိမ်ပြီး လူနာ၏ ဘဝဇာတ်ကြောင်းဖြင့်နှိုင်းယှဉ်၍ လာရောက်ဟောပြောသော ဟောပြောပွဲတစ်ခု တက်ဖူးခဲ့ပါသည်။ ထိုစဉ်မှစ၍ ယနေ့တိုင် မည်သို့သောပတ်ဝန်း ကျင်ဖိအားကြောင့်ဖြစ်စေ ဆေးလိပ်သောက်ခြင်းကို လုံးဝရှောင်ကြဉ်နိုင်ခဲ့ပါသည်။
အထက်တန်းကျောင်းသားဘဝသို့ ရောက်သောအခါ ဆယ်ကျော်သက်ဘဝ အစကပင် တည်ရှိခဲ့သော စူးစမ်းလိုစိတ်မှသည် လက်တွေ့စမ်းသပ်လိုသော (အားစမ်းလိုသော) စိတ်များ ပေါ်ပေါက်လာတတ်သည်မှာ သဘာဝပင်ဖြစ်ပါသည်။ မှန်ကန်သော လက်တွေ့စမ်းသပ်မှု၊ ထိန်းကျောင်းမှုရှိသော အတွေ့အကြုံကောင်းများသည် အောင်မြင်သော အနာဂတ်အုတ်မြစ်ကို ဖြစ်စေတတ်ပါသည်။ ကျွန်တော်တို့ ထိုအချိန်ကာလတွင် လုပ်ဆောင်ခဲ့သော ကျောင်းအခြေပြုကြက်ခြေနီလုပ်ငန်းများနှင့် ကျောင်းအခြေပြု လူမှုအကျိုးပြုအသင်းအဖွဲ့လုပ်ငန်းများက ယနေ့ကာလ စီမံခန့်ခွဲမှု၊ ပေါင်းသင်း ဆက်ဆံရေးနှင့် အတွေးအခေါ်ပိုင်းဆိုင်ရာ အောင်မြင်မှုများအတွက် အခြေခံကောင်းများ ဖြစ်ခဲ့သည်ကို ကိုယ်တွေ့ကျေနပ်ဖွယ်သုံးသပ်မိပါသည်။
နိုင်ငံတော်အကြီးအကဲများက ထိုသို့သော ကျောင်းအခြေပြု လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများကို သိနားလည်စွာဖြင့် ကျန်းမာရေးဝန်ကြီးဌာနအား ကျန်းမာရေးအဆင့်မြင့်ကျောင်းများ ဖြစ်ပေါ်လာစေရေးလုပ်ငန်းစဉ် ၉ ရပ်ချမှတ်ကာ ဆောင်ရွက်စေခဲ့ပါသည်။ အဆိုပါလုပ်ငန်းစဉ် ၉ ရပ်မှာ
(၁) ကျောင်းအခြေပြုကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်း၊
(၂) ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း၊
(၃) ရောဂါကာကွယ်ရေးလုပ်ငန်း၊
(၄) ကျောင်းတွင်း အာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးရေးလုပ်ငန်း၊
(၅) ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊
(၆) ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့် ကျောင်းမှ ပြည်သူတွင်းသို့ မူမှန် လူနေမှုဘဝဟန်များ ရောက်ရှိရေးလုပ်ငန်း၊
(၇) နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းနှင့် လူမှုရေးပံ့ပိုးမှုလုပ်ငန်း၊
(၈) သင်တန်းနှင့် သုတေသနလုပ်ငန်း၊
(၉) ကာယပညာနှင့် အားကစားလုပ်ငန်းတို့ဖြစ်ကြကာ မိဘကျောင်းသား ဆရာတို့သာမက ကျန်းမာရေးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကြက်ခြေနီ၊ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း၊ အမျိုးသမီးရေးရာ စသည့်မိတ်ဖက်အဖွဲ့အစည်းအသီးသီးက အောင်မြင်မှုများ ရရှိလာစေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ထို့အပြင် နိုင်ငံတော်က နှစ်စဉ်သြဂုတ်လ၏ ဒုတိယပတ်ကိုလည်း ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ်သတ်မှတ်၍ ပုံမှန်လုပ်ဆောင်နေသော ကျောင်းကျန်းမာရေးလုပ်ငန်းများအပြင် လှုပ်ရှားမှုပြပွဲ၊ ပြိုင်ပွဲများကို အားထည့်၊ အားဖြည့်ကာ ဂရုတစိုက် ဆောင်ရွက်စေလျက်ရှိပါသည်။
ဘဝတစ်ခု၏ ပထမနှစ်နှစ်ဆယ်ကာလ၊ ဦးနှောက်မှတ်ဉာဏ် သင်ကြားနာယူမှုအများဆုံး လုပ်ဆောင်နေရချိန်ဝယ် မှန်ကန်သောချစ်ခြင်းမေတ္တာ၊ မှန်ကန်သောအသိပညာ၊ ပတ်ဝန်းကျင်၊ အမူအကျင့်၊ အလေ့အထများရရှိရေးသည် ဘဝတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက် အခြေခံပင်ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၊ အခက်အခဲများကို တည်ငြိမ်စွာ ပူးပေါင်းကျော်ဖြတ်နိုင်ရေးအတွက် လူသားတိုင်း၏ ဘဝပထမနှစ်နှစ်ဆယ်ကာလတွင် စာသင်ကျောင်းဟူသော ပတ်ဝန်းကျင်တွင် စနစ်တကျ နည်းလမ်းမှန်စွာ ပြုစုပျိုးထောင်နိုင်မှုက အရေးပါသော ကဏ္ဍမှပါဝင်နေပါသည်။
သို့ဖြစ်ပါ၍ လူတိုင်း KG + 12 ပညာရေး အောင်မြင်ရေးနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းစဉ် များအား အတန်းစုံတွင် စောင့်ရှောက်ပေးခြင်းအားဖြင့် မှန်ကန်သော ကျန်းမာရေးအမူအကျင့်များ ပြည်သူလူထုအတွင်းသို့ ပိုမိုရောက်ရှိကာ ကျန်းမာကြံ့ခိုင်၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်ပေါ်လာမည်ဟု ယုံကြည်စွာဖြင့် ရေးသား ဖော်ပြလိုက်ရပါသည်။ ။
No comments:
Post a Comment