Sunday, August 23, 2026

ဒုတိယဝန်ကြီး ဦးသွင်အောင် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) အား ကြည့်ရှုစစ်ဆေး

 



နေပြည်တော် ဩဂုတ် ၂၂

အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ၌ စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ (HRPS) တပ်ဆင်လည်ပတ်ပြီးပါက ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း ကြိုတင်မျှော်မှန်းတွက်ဆ၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ထားရန်လိုကြောင်း၊ စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများ အပြီးသတ်ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်နိုင်ပါက နိုင်ငံတော်၏ သံမဏိလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည့်အတွက် လုပ်ငန်းများကို သတ်မှတ်ထားသည့် အချိန်ဇယားများအတိုင်း ပြီးစီးအောင် ဆောင်ရွက်ရန် အထူးမှာကြားလိုကြောင်း ယမန်နေ့ မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ကို ကြည့်ရှုစစ်ဆေးစဉ် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင်က စက်ရုံတာဝန်ရှိသူများအား မှာကြားသည်။

ထို့ပြင် အစည်းအဝေးခန်းမ၌ စက်ရုံမှူးက စွန့်ပစ်အပူသုံးဓာတ်အားပေးအလုပ်ရုံ (HRPS) အား နည်းပညာဆိုင်ရာ ကြီးကြပ်ကွပ်ကဲရန် ဝန်ဆောင်မှုပေးခြင်း စာချုပ်ချုပ်ဆိုနိုင်ရေးညှိနှိုင်းခဲ့မှု၊ HRPS လည်ပတ်နိုင်ရေး အပြီးသတ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လုပ်ငန်းများအား ဖွဲ့စည်းတာဝန်ပေးအပ်မည့် အခြေအနေကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးရုံးညွှန်ကြားရေးမှူးချုပ်က ဘဏ္ဍာငွေရသုံးဆိုင်ရာနှင့် စပ်လျဉ်းသည့် မူဝါဒများကိုလည်းကောင်း၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူးက စွန့်ပစ်အပူသုံးဓာတ်အားပေးအလုပ်ရုံ (HRPS) နှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အစီအမံကိုလည်းကောင်း ရှင်းလင်းကြသည်။

ဆက်လက်၍ စွန့်ပစ်အပူသုံးဓာတ်အားပေးအလုပ်ရုံ (HRPS) ၏ အခြေအနေနှင့် သံရည်ကျိုအလုပ်ရုံတွင် သံရည်ကျိုမီးဖို (Romelt Furnace)၊ ချော်ရည်ကျိုမီးဖို (Slag Melting Furnace)၊ ကုန်ကြမ်းသယ်ပို့သည့် Conveyor များကို ကြည့်ရှုစစ်ဆေးသည်။

ယနေ့နံနက်ပိုင်းတွင် ရိုမက်လ် (Romelt) မီးဖိုပြန်လည်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်မှု ဝန်ဆောင်မှုပေးခြင်းစာချုပ် ချုပ်ဆိုနိုင်ရေးဆောင်ရွက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment