နေပြည်တော် ဩဂုတ် ၂၂
ရုရှားဖက်ဒရယ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန်ည ၇ နာရီတွင် တူမားပြည်နယ်အကြီးအကဲ မစ္စတာ ဗလာဒီစလပ် ခိုဗာလစ်ဂ်နှင့် ကီဇီးလ်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့အိမ်တော်၌ တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ
နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲကျင်းပပြုလုပ်မည့် တူဗားပြည်နယ်အစိုးရအဖွဲ့အိမ်တော်သို့
ရောက်ရှိရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ကာရာ-အိုးလ်
ရှော်ဘန်နှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ရာ
နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသည့်
ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များ၊ ရုရှားဖက်ဒရယ်နိုင်ငံဆိုင်ရာ
မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တူဗားပြည်နယ်အကြီးအကဲနှင့်အတူ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ
ရုရှားဖက်ဒရယ်နိုင်ငံသံအမတ်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ထိုသို့
တွေ့ဆုံရာတွင် ဦးစွာ တူဗားပြည်နယ်အကြီးအကဲက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးဆောင်သည့်
မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲနွေးထွေးစွာဖြင့် ကြိုဆိုပါကြောင်း
နှုတ်ခွန်းဆက်စကားပြောကြားပြီး တူမားပြည်နယ်၏ သမိုင်းကြောင်းဆိုင်ရာများနှင့်
ဒေသဆိုင်ရာအချက်အလက်များ၊ တူမားပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့်
တွင်းထွက်ပစ္စည်းများ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊
တူမားပြည်နယ်တွင် နေထိုင်သူအများစုသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး
မြန်မာနိုင်ငံနှင့် ကိုးကွယ်ယုံကြည်မှုများ တူညီလျက်ရှိမှု၊ မြန်မာနိုင်ငံနှင့် တူဗားပြည်နယ်တို့အကြား ဘာသာရေးနှင့် ယဉ်ကျေးမှုကဏ္ဍ၊ ပညာရေးကဏ္ဍနှင့်
ခရီးသွားကဏ္ဍအပါအဝင်ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ
မြှင့်တင်ဆောင်ရွက်လိုမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက်
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် တူဗားပြည်နယ်၏ သမိုင်းကြောင်း၊ သာယာလှပမှုနှင့်
ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြသည်။
ယင်းနောက်
နိုင်ငံတော်သမ္မတက ပြန်လည်ဆွေးနွေးပြောကြားရာတွင် တူဗားပြည်နယ်အကြီးအကဲနှင့်
ပြည်နယ်အစိုးရအဖွဲ့ဝင်များအနေဖြင့် မိမိဦးဆောင်သည့်
မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို လှိုက်လှဲနွေးထွေးစွာ ကြိုဆိုသည့်အတွက်
ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ မိမိအနေဖြင့် တူဗားပြည်နယ်သို့
ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်ပြီး သန့်ရှင်းသာယာလှပပြီး စိမ်းလန်းစိုပြေသည့်
တောတောင်ရှုခင်းများကို မြင်တွေ့ရသဖြင့် မိမိတို့၏ စိတ်နှလုံးကို
ချမ်းမြေ့စေကြောင်းဖြင့်ပြောကြားပြီး မြန်မာ-ရုရှား နှစ်နိုင်ငံသည်
ယုံကြည်စိတ်ချရသည့် မိတ်ဆွေရင်းနိုင်ငံများဖြစ်ကြပြီး အလှမ်းကွာဝေးသော်လည်း
သံတမန်ဆက်ဆံရေးများ ရှည်လျားကောင်းမွန်လျက်ရှိမှုနှင့် ယခုအခါချစ်ကြည်ရင်းနှီးမှုနှင့်
ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရန်အကောင်းဆုံးအခြေအနေသို့ ရောက်ရှိလျက်ရှိမှု၊
နှစ်နိုင်ငံဗဟိုအစိုးရအဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ
မြှင့်တင်ဆောင်ရွက်လျက်ရှိသကဲ့သို့ နှစ်နိုင်ငံပြည်နယ်များ အချင်းချင်းလည်းပူးပေါင်းဆောင်ရွက်မှုများ
အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု၊ တူဗားပြည်နယ်သည်
တွင်းထွက်သယံဇာတများ ထွက်ရှိပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ
ဖြစ်ထွန်းအောင်မြင်သည့် ပြည်နယ်တစ်ခုဖြစ်ကာ မိမိတို့နိုင်ငံသည်လည်း
မြေပေါ်မြေအောက်သယံဇာတများ ပေါများစွာထွက်ရှိပြီး
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် နိုင်ငံဖြစ်သဖြင့်
မြန်မာနိုင်ငံနှင့် တူမားပြည်နယ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ
ပိုမိုမြှင့်တင်နိုင်သည့် အလားအလာနှင့် အခွင့်အလမ်းရှိမှု၊ မြန်မာနိုင်ငံသည်
ဗုဒ္ဓဘာသာကို ကိုးကွယ်သည့် နိုင်ငံဖြစ်သကဲ့သို့ တူမားပြည်နယ်တွင် နေထိုင်သူအများစုသည်လည်း
တိဘက်ဗုဒ္ဓဘာသာများဖြစ်ကြသဖြင့် ဘုရားဖူးခရီးစဉ်များနှင့် ခရီးသွားလုပ်ငန်းများ
အပြန်အလှန်မြှင့်တင်ဆောင်ရွက်နိုင်မှု၊ နှစ်နိုင်ငံအစိုးရနှင့်
ပြည်သူများအချင်းချင်း ထိတွေ့ဆက်ဆံမှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက်
သံတမန်ဆက်ဆံမှုများကို ယခုထက်ပိုမိုတိုးတက်စေရေးဆောင်ရွက်လျက်ရှိမှု၊
နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ
ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍
အကျယ်တဝင့်ပြန်လည်ဆွေးနွေးပြောကြားသည်။
ထို့နောက်
နိုင်ငံတော်သမ္မတနှင့် တူဗားပြည်နယ်အကြီးအကဲတို့သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
တွေ့ဆုံပွဲအပြီးတွင်
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် တူဗားပြည်နယ်အကြီးအကဲက တည်ခင်းဧည့်ခံသည့်
ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ကြသည်။ ညစာသုံးဆောင်မီနှင့်
သုံးဆောင်နေစဉ်အတွင်း တူဗားပြည်နယ်ယဉ်ကျေးမှုအဖွဲ့က
ပြည်နယ်ရိုးရာယဉ်ကျေးမှု တေးသံသာများ၊ အကအလှများဖြင့်
သီဆိုတီးမှုတ်ဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။



No comments:
Post a Comment