နေပြည်တော် ဩဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ် ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှု စတင်ဖြစ်ပွားခဲ့သည်။ အဆိုပါရေဝင်ရောက်မှုကြောင့် ယနေ့အထိ လေးမျက်နှာမြို့ပေါ် ရပ်ကွက် (၅) ခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၁၅ ခုနှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
အဆိုပါရေဘေးသင့်ပြည်သူများအား
အရေးပေါ်ကူညီကယ်ဆယ်နိုင်ရေးအတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့်
ဒေသခံ တိုင်းရင်းသားများ ပူးပေါင်း၍ ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ ရှာဖွေကူညီကယ်ဆယ်ရေး၊
စားနပ်ရိက္ခာစားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်းနှင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို
အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင် ငဝန်ပန်းတာ
ရေဝင်ရောက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နည်းပညာသုံး အင်ဂျင်နီယာဆိုင်ရာ တားဆီးမှုများဖြစ်သည့်
Geobags (သဲအိတ်ကြီးများ) ချခြင်း၊ မျောထုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍ ကာကွယ်ခြင်းနှင့်
Steel Sheet Pile (သံမဏိတိုင်များ) ရိုက်သွင်းခြင်း စသည့်ငဝန်ပန်းတာတမံနိမ့်ကျနေရာများ
ပြန်လည်ခိုင်မာရေးလုပ်ငန်းများကို စက်ယန္တရားများနှင့် လုပ်အားစုများ အသုံးပြု၍ အရှိန်အဟုန်မြှင့်
ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါကူညီကယ်ဆယ်ရေးနှင့်
ရေဝင်ရောက်မှု တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ
တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


No comments:
Post a Comment