မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကမ္ဘာ့သတင်းမီဒီယာများ၏ ရေးသားထုတ်လွှင့်မှုများကိုကြည့်လျှင် ပုံသေအရိုးစွဲနေသည့် အာဘော်များ၊ ပကတိအခြေအနေနှင့် ကင်းကွာနေသည့်အကြောင်းအရာ၊ အချက်အလက်များကိုသာလျှင် အများအားဖြင့် တွေ့ရှိနိုင်သည်။ ကမ္ဘာ့သတင်း မီဒီယာများဟုဆိုရာတွင် အဓိကအားဖြင့် အနောက်အုပ်စုမီဒီယာများ၊ ၎င်းတို့၏လက်ခွဲမီဒီယာများက အဓိကဖြစ်ပြီး ကျန်မီဒီယာများမှာ ၎င်းတို့ထံမှ သတင်းအချက်အလက်များရယူ၍ ထပ်မံဖြန့်ဖြူးကြရသည့် မီဒီယာများဖြစ်ရာ ၎င်းတို့သည်လည်း တစ်လေသံတည်းပင်ဖြစ်သည်။
မြန်မာနိုင်ငံ၊
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာသူများနှင့်ပတ်သက်၍ ၎င်းတို့၏ဆန္ဒအလျောက်၊
လုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာပြန်လာ နိုင်ရေးကိစ္စသည် မြန်မာနိုင်ငံကငြင်းဆိုထားခြင်းမရှိဘဲ
လက်ခံထားပြီးကိစ္စဖြစ်သကဲ့သို့ အမှန်တကယ်နေထိုင်ခဲ့သူများကို ပြန်လည်လက်ခံရန်အတွက်
စိတ်ဆန္ဒမှန်ဖြင့် လက်တွေ့ကျကျ ကြိုးပမ်းဆောင်ရွက်ခဲ့ပြီးလည်းဖြစ်သည်။ နေရပ်စွန့်ခွာသူများအား
ပြန်လည်လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံသဘောတူစာချုပ် သုံးခုချုပ်ဆိုခဲ့ပြီး
ယင်းစာချုပ်များနှင့်အညီ ပြန်လည်လက်ခံရန် ၂၀၁၈ ခုနှစ်အတွင်း နှစ်ကြိမ်၊ ၂ဝ၁၉ ခုနှစ်တွင်
တစ်ကြိမ် စုစုပေါင်း သုံးကြိမ် မြန်မာဘက်မှ အလေးအနက်ထားဆောင်ရွက်ကာ စနစ်တကျစီစဉ်စောင့်ဆိုင်းခဲ့သော်လည်း
ပြန်လည်ဝင်ရောက်လာခဲ့ခြင်းမရှိခဲ့။ မြန်မာနိုင်ငံအနေဖြင့် စိတ်ထားအမှန်၊ ဆန္ဒအမှန်ဖြင့်
ဆောင်ရွက်ခဲ့သော်လည်း တစ်ဖက်တွင်မူ ဤသို့ မရိုးရှင်းခဲ့ဟုဆိုရမည်ဖြစ်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ
နေရပ်စွန့်ခွာသူများအရေးကိစ္စသည် ဤသို့ဖြစ်ပေါ်လာစေရန် ဖန်တီးယူခဲ့သော အရေးကိစ္စပင်ဖြစ်ပြီး
နောက်ကွယ်တွင် ပြည်ပမှကြိုးကိုင်ဆောင်ရွက်မှုများ၊ ပါဝင်စွက်ဖက်မှုများ ရှိနေသည်။ ထိုအချိန်ကတည်းကပင်စတင်၍
အနောက်အုပ်စု မီဒီယာများ၏ရေးသားထုတ်လွှင့်မှုများမှာ ရည်ရွယ်ချက်ရှိရှိ တစ်ဖက် စောင်းနင်းပုံဖော်ခဲ့ကြခြင်းဖြစ်သည်။
ပြဿနာ၏ အစဖြစ်စဉ်နှင့် စပ်လျဉ်း၍လည်းကောင်း၊ အာဆာအကြမ်းဖက်အဖွဲ့အစည်း၏ အကြမ်းဖက်လုပ်ရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း
အဆိုပါမီဒီယာများက မသိမသာဆိုကာမျှဖြစ်စေ၊ ထိမ်ချန်၍ဖြစ်စေ ရေးသားထုတ်လွှင့်ခဲ့ကြသည်။
တစ်ဖန် အကြမ်းဖက်အဖွဲ့နှင့် နောက်ကွယ်မှ ကြိုးကိုင်စီစဉ်သူတို့၏ ဇာတ်ညွှန်းအတိုင်းဖြစ်သော
နေရပ်စွန့်ခွာသူများနှင့်စပ်လျဉ်း၍ ၎င်းတို့၏အကြိုက် ဇာတ်နာအောင် မီဒီယာနည်းလမ်းအမျိုးမျိုးဖြင့်
ပုံဖော်ခဲ့ကြကာ ကမ္ဘာကအာရုံစိုက်မှုကိုရယူခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အကြမ်းဖက်အဖွဲ့အစည်းအပေါ်
အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေးဖြင့် တုံ့ပြန်ဆောင်ရွက်ခဲ့သည့်တပ်မတော်ကို အခြေအမြစ်မရှိသော
စွပ်စွဲချက်များ၊ ဘက်လိုက်ရေးသားမှုများ၊ အချက်အလက်မှား၊ သတင်းမှားများဖြင့် သတင်းပရိသတ်များ
အမြင်စောင်းစရာတို့ကိုသာ တစ်ဖက်သတ်ရေးသားထုတ်လွှင့်ခဲ့ကြခြင်းဖြစ်သည်။
ယခုရက်ပိုင်းအတွင်း
အာဆီယံနိုင်ငံတစ်ခုတွင် ရောက်ရှိနေကြသည့် လှေစီးဒုက္ခသည်များအရေးနှင့်စပ်လျဉ်း၍ ၎င်းနိုင်ငံမှနိုင်ငံသားများအတွင်း
မကျေနပ်မှုများဖြစ်ပေါ်နေကြောင်း သတင်းများတွင် တွေ့ရသည်။ တတိယနိုင်ငံသို့သွားရန် ရည်ရွယ်ချက်ဖြင့်
ဘင်္ဂလားပင်လယ်အော်ကို စက်လှေများ၊ ရေယာဉ်များဖြင့်ဖြတ်သန်း၍ အဆိုပါနိုင်ငံသို့ ပို့ဆောင်သည့်
လူမှောင်ခိုလုပ်ငန်းများမှာ တွင်ကျယ်နေပုံရသည်။ လှေစီးဒုက္ခသည် အမည်ခံသူများမှာ UNHCR
တွင် အလွယ်တကူ မှတ်ပုံတင်အမည်ပေါက်နိုင်ရေးအတွက် ၎င်းတို့ကိုယ်ကိုယ် ‘‘ရိုဟင်ဂျာ’’
ဟူ၍ ပြောလိုက်ရုံသာဖြစ်ပြီး ဤကိစ္စအတွက် ကြားပွဲစားများ၊ စာရွက်စာတမ်းအတု ပြုလုပ်သူများလည်းရှိနေသည်ဟု
သတင်းများတွင်တွေ့ရသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံက လက်ခံထားခြင်းမရှိသော လူမျိုးလိမ်နာမည်တစ်ခုကို
ခံယူထားကြသူများမှာ အရေအတွက်များစွာ ဖောင်းပွလျက်ရှိနေပြီး မြန်မာနိုင်ငံဟူသော အမည်နာမသည်လည်း
မီဒီယာများတွင် ၎င်းတို့နှင့် အတူ ပေါလောမျောပါနေရသည်။
နောက်တစ်ခုမှာ
ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ နေရပ်စွန့်ခွာသွားကြသူများ၏ အရေအတွက်နှင့်စပ်လျဉ်း၍
ကိန်းဂဏန်းများကို စာရင်းမဲ့အင်းမဲ့စွပ်စွဲမှု၊ ပြောဆိုမှုများ၊ မီဒီယာများ၌ဖော်ပြနေမှုများဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် နေထိုင်ခဲ့ကြသည့်
ဘင်္ဂါလီလူမျိုးများနှင့်စပ်လျဉ်း၍ အချက်အလက်၊ မှတ်တမ်းမှတ်ရာများရှိထားပြီး တစ်ဖက်နိုင်ငံသို့
ထွက်ခွာသွားခဲ့ကြသည့် အရေအတွက်ကိုလည်း သိရှိထားပြီးဖြစ်သည်။ လက်ရှိ ဘင်္ဂလားဒေ့ရှ်ဘက်မှ
ပေးပို့ခဲ့သော နေရပ်စွန့်ခွာသူများစာရင်း ရှစ်သိန်းကျော်အနက် ထက်ဝက်ကျော်ကို စိစစ်ခဲ့ပြီးဖြစ်ရာတွင်
အထောက်အထားတွေ့သူ သုံးသိန်းကျော်နှင့် အထောက်အထားမတွေ့သူ တစ်သိန်းကျော်၊ အကြမ်းဖက်ကျူးလွန်ခဲ့သူ
၄၀၀၀ ကျော် စိစစ်တွေ့ရှိထားသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးစတင်ချိန်မှ
ယနေ့အချိန်ထိ မီဒီယာများနှင့် အချို့လူပုဂ္ဂိုလ်များ၏ အချက်အလက်မှား၊ သတင်းမှားများ၊
စွပ်စွဲပြောဆိုမှုများမှာ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးအားလုံးတို့၏ ပုံရိပ်များကို
ထိခိုက်နစ်နာစေသည့်အလျောက် ပြတ်သားစွာကန့်ကွက်ရှုတ်ချလိုက်ပါကြောင်း။ ။

No comments:
Post a Comment