မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ၊ အခြားနိုင်ငံများသို့ ရွှေ့ပြောင်းသွားလာကြသည့် လှေစီးဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားရှိစခန်းများတွင် နေထိုင်လျက်ရှိသူများနှင့်ပတ်သက်၍ ကမ္ဘာ့သတင်းမီဒီယာများတွင် အမျိုးမျိုးအဖုံဖုံ ရေးသားထုတ်လွှင့်ဖော်ပြလျက်ရှိသည်ကို မြင်တွေ့ကြားသိကြရမည်ဖြစ်သည်။ ယင်းသို့ရေးသားထုတ်လွှင့်ဖော်ပြပြောဆိုနေမှုများသည် သတင်းမှားများ၊ အချက်အလက်အမှားများအပေါ် အခြေခံလျက် တစ်ဖက်စောင်းနင်း ရေးသားဖော်ပြပြောဆိုနေကြသည်ကို တွေ့ရှိရမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့်
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားကြသူများနှင့်ပတ်သက်သည့် ဖြစ်စဉ်အမှန်သည် ၂၀၁၆ ခုနှစ်
အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် အာဆာအကြမ်းဖက်အဖွဲ့က လူအင်အား၊
လက်နက်အင်အားဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးရဲကင်းများနှင့် ရဲတပ်ရင်းများကို
တစ်ပြိုင်တည်းတိုက်ခိုက်မှုများ၊ ထပ်တိုးတိုက်ခိုက်မှုများ ပြုလုပ်ရုံသာမက အစိုးရဝန်ထမ်းများ၊
ဒေသခံတိုင်းရင်းသားများအား အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် တပ်မတော်အနေဖြင့် အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေးဖြင့်
တုံ့ပြန်ဆောင်ရွက်ခဲ့ရသည်။ အာဆာအကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်တိုက်ခိုက်မှုများကြောင့်
ဒေသခံတိုင်းရင်းသားများက အခြားမြို့ရွာများသို့ ထွက်ပြေးခဲ့ကြရပြီး ဘင်္ဂါလီအမြောက်အမြားက
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အသီးသီးနေရပ်စွန့်ခွာသွားခဲ့ကြခြင်းဖြစ်သည်။
အချက်အလက်မှတ်တမ်းများအရ
အာဆာအကြမ်းဖက်အဖွဲ့ တိုက်ခိုက်မှုမတိုင်မီက ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်ရှိ
ဘင်္ဂါလီလူဦးရေမှာ ၇၄၀၀၀၀ ကျော်ရှိခဲ့ပြီး ပဋိပက္ခဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဘင်္ဂါလီလူဦးရေ
နှစ်သိန်းကျော်နေထိုင်လျက်ရှိသဖြင့် ဘင်္ဂါလီလူဦးရေ ၅၄၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့
နေရပ်စွန့်ခွာသွားခဲ့ကြောင်း စိစစ်တွေ့ရှိခဲ့သည်။ ယင်းစိစစ်ချက်အရ ရခိုင်ပြည်နယ်မှ
နေရပ်စွန့်ခွာသွားသူ တစ်သန်းကျော်ရှိသည်ဟု ပြောဆိုနေကြသည်မှာ မှားယွင်းသောအရေအတွက်ဖြစ်ကြောင်း
သိသာမြင်သာပါသည်။ မြန်မာနိုင်ငံအနေဖြင့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်လအတွင်း နှစ်နိုင်ငံသဘောတူစာချုပ်သုံးခု ချုပ်ဆိုခဲ့သည်။
စာချုပ်နှင့်အညီလက်ခံရန်
၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် တစ်ကြိမ်၊ ပူးတွဲ သဘောတူညီချက်အရ နိုဝင်ဘာ ၁၅ ရက်တွင်တစ်ကြိမ်၊
တရုတ်နှင့်ဘင်္ဂလားဒေ့ရှ်၏ အကြောင်းကြားချက်အရ ၂၀၁၉ ခုနှစ် ဩဂုတ် ၂၂ ရက်တွင် တစ်ကြိမ်
သုံးကြိမ်စီစဉ်စောင့်ဆိုင်းခဲ့သော်လည်း ပြန်လည်ဝင်ရောက်လာခြင်းမရှိပေ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ
နေရပ်စွန့်ခွာသွားသူစာရင်းအဖြစ် ၈၂၈၈၂၄ ဦးပေးပို့ခဲ့ရာ ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ
အမည်စာရင်း ၄၂၆၅၄၅ ဦးကို စိစစ်ခဲ့ပြီးဖြစ်သည်။ စိစစ်ချက်အရ ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ကြောင်း
အထောက်အထားတွေ့ရှိသူ ၃၀၈၇၉၇ ဦး၊ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သူ ၄၂၄၁ ဦးနှင့် ရခိုင်ပြည်နယ်အတွင်း
နေထိုင်ခဲ့ ကြောင်း အထောက်အထားမတွေ့သူ ၁၁၃၅၀၇ ဦးကို စိစစ်တွေ့ရှိခဲ့ရသည်။
အဆိုပါတိတိကျကျစစ်ဆေးခဲ့သော
ကိန်းဂဏန်းများအရ ဘင်္ဂလားဒေ့ရှ်စခန်းများတွင် နေထိုင်သူအားလုံးကို မြန်မာနိုင်ငံမှ
လာရောက်သူများဟု စွပ်စွဲပြောဆိုမှုများနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်မိသည်။ အလားတူပင်
လှေစီးဒုက္ခသည်များနှင့် အခြားနိုင်ငံသို့ ရောက်ရှိနေသူများအား မြန်မာနိုင်ငံမှဟု စွပ်စွဲပြောဆိုနေမှုများမှာလည်း
မှန်ကန်မှုမရှိသဖြင့် ပြတ်သားစွာကန့်ကွက်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၁၉၇၈၊ ၁၉၉၁၊
၁၉၉၂ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အထောက်အထားစိစစ်သည့် လုပ်ငန်းစဉ်များကြောင့် နေရပ်စွန့်ခွာခဲ့သူ ဘင်္ဂါလီများကို မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံသဘောတူညီချက်ဖြင့်
အောင်မြင်စွာပြန်လည်လက်ခံနိုင်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်တွင် အမှန်တကယ်နေထိုင်ခဲ့ကြသူများကို
ပြန်လည်လက်ခံရန် စိတ်ဆန္ဒမှန်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ရခိုင်ပြည်နယ်သို့ ဖိတ်ကြားရှင်းလင်းသည့်ခရီးစဉ်၊
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်သည့်ခရီးစဉ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မျက်မြင်စစ်ဆေးခြင်းခရီးစဉ်၊
သံတမန်များအား ပြသသည့်ခရီးစဉ်များ ဆောင်ရွက်ခဲ့သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံအစိုးရအနေဖြင့်
စိစစ်ပြီးဖြစ်သည့် နေရပ်စွန့်ခွာသူများကို ၎င်းတို့၏ဆန္ဒအလျောက်၊ လုံခြုံဂုဏ်သိက္ခာရှိစွာ
ပြန်လာနိုင်ရေးအတွက် နှစ်နိုင်ငံအကြား အိမ်နီးချင်းကောင်းစိတ်ဓာတ်ကိုအခြေခံ၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ရာ
နေရပ်စွန့်ခွာသူများအား နိုင်ငံတကာပြဿနာအဖြစ် လွဲမှားစွာ မမှန်မကန်ပုံဖော်နေမှုများကို
တိကျမှန်ကန်သောအချက်အလက်များဖြင့် ပြတ်သားစွာပယ်ချပြီး ရခိုင်ပြည်နယ် လုံခြုံရေးအခြေအနေတိုးတက်ကောင်းမွန်လာပါက
နှစ်နိုင်ငံညှိနှိုင်းကာ ပြန်လည်လက်ခံသွားမည်ဖြစ်ပါကြောင်း။ ။

No comments:
Post a Comment